Friday, January 13, 2017

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ် အခန်း (၁၀၆) ခန်း ဖျက်သိမ်းမည့်ကိစ္စနှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ သဘောထားထုတ်ပြန်

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ် အခန်း (၁၀၆) ခန်းဖျက်သိမ်းမည့်ကိစ္စနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ သဘောထားရပ်တည်ချက်အား ဇန်န၀ါရီ ၁၂ ရက်က ၎င်းဝန်ကြီးဌာန၏ Facebook တွင် ထုတ်ပြန်ဖော်ပြထားကြောင်း သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသည် ပြည်တွင်း/ပြည်ပဘုရားဖူးဧည့် ပရိသတ်များ၏ အထွတ်အမြတ်ထားရာ စေတီတော်တစ်ဆူ ဖြစ်ပါကြောင်း၊ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို အမှီပြု၍ စီးပွားရေးလုပ်ငန်းရှင်တချို့က ဥပဒေနှင့်မညီညွတ်သော ဟိုတယ်၊ တည်းခိုခန်းများ တည်ဆောက်ခြင်းကြောင့် စေတီတော်မြတ်ကြီး၏ မြင်ကွင်းပသာဒကို လည်းကောင်း၊ ၀န်းကျင်သဘာဝ မြင်ကွင်းကို လည်းကောင်း၊ ရှေးဟောင်းအဆောက်အအုံများ၏ ပုံရိပ်ကိုလည်းကောင်း ထိခိုက်စေပြီး အထပ်မြင့် ဟိုတယ်များကြောင့် မူလ ဘူမိမြေသား ခိုင်မာမှုကိုပျက်စီးစေ၍ မြေသားပြတ်ရွေ့မှုများ ဖြစ်ပေါ်လာနိုင်ပြီး ဘေးအန္တရာယ် ကျရောက်စေနိုင်မည်ဖြစ်ပါသည်ဟု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော သဘောထားရပ်တည်ချက်တွင် ဖော်ပြထားသည်။


အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ပရိဝုဏ်နှင့် ဆက်စပ်ဧရိယာအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်း အသီးသီးအားဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၇.၆.၂၀၁၆ ရက်တွင် ကျင်းပခဲ့ပြီး ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ တောင်တော်ပေါ်ရှိ ရိုးရိုးလေးဟိုတယ် အထပ်မြှင့် တည်ဆောက်ထားသည့် အခန်း (၁၀၆) ခန်းအား ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက စီမံကြီးကြပ် ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း၊ ထိုသို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း သက်ဆိုင်ရာလုပ်ငန်းရှင်က ပြည်ပ ဘုရားဖူးဧည့်သည်များ ကြိုတင် လက်ခံထားသည်ကို အကြောင်းပြု၍ အသနားခံစာတင်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက သုံးလ ဆက်လက် လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်းနှင့် ထိုမှတစ်ဖန် ဆက်လက်အသနားခံသဖြင့် ထပ်မံ၍ သုံးလ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အကြောင်းအရာကိစ္စနှင့် စပ်လျဉ်း၍ ဟိုတယ်လိုင်စင် ပိတ်သိမ်းထားသော အခန်း (၁၀၆) ခန်းကိုသက်ဆိုင်ရာဦးစီးဌာနက ဟိုတယ်လိုင်စင် တရားဝင်ထုတ်ပေးရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ဘုရားဖူးပြည်သူများက စုံစမ်းမေးမြန်းမှုများ ပြုလုပ်လာခဲ့ပါကြောင်း၊ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ တောင်တော်ပေါ်တွင် တည်ဆောက်ထားခဲ့သော အထပ်မြင့် ရိုးရိုးလေး ဟိုတယ်များအား စိစစ်ရာတွင် အောက်ပါအချက်များကို လိုက်နာရန်ပျက်ကွက်ကြောင်း လေ့လာတွေ့ရှိရကြောင်း၊ ၎င်းတို့ မှာ (က) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ခွင့်ပြုချက် တောင်းခံမှုမရှိခြင်း၊ (ခ) စေတီတော် ပရိဝုဏ်နှင့် ဆက်စပ်ဧရိယာအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများ၌ သြ၀ါဒါစရိယ ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူမှုမရှိခြင်း၊ (ဂ) အဆောက်အအုံနှင့် ဆောက်လုပ်မည့် ပုံစံဒီဇိုင်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့တို့ ထံ ခွင့်ပြုချက်တောင်းခံခြင်းမရှိခြင်း၊ (ဃ) အထပ်မြင့်ဟိုတယ်များ တည်ဆောက်ပြီးစီးချိန်တွင် ဟိုတယ်လုပ်ငန်းလိုင်စင် ရယူမှုမရှိခြင်း၊ အခွန်အရပ်ရပ်အား တိမ်းရှောင်ခြင်း၊ ယခင် ဂေါပကအဖွဲ့များအား စည်းရုံး၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ (င) ခွင့်ပြုချက်မဲ့ တည်ဆောက်ထားသော ဟိုတယ် အခန်းများသည် တည်းခိုခန်းခ မြင့်မားစွာပေး၍ တည်းခိုရခြင်း၊ (စ) ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသော ဟိုတယ်များ သတ်မှတ်အမြင့်ပေထက် ပိုမိုဆောက်လုပ်ခဲ့ခြင်းစသည်ဖြင့် သဘောထား ထုတ်ပြန်ချက်တွင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအကြောင်းများကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ တောင်တော်ပေါ်တွင် တည်ဆောက်ထားသော ဟိုတယ်လုပ်ငန်း လိုင်စင်မဲ့အခန်း (၁၀၆) ခန်းနှင့် စပ်လျဉ်း၍ ၂၇.၆.၂၀၁၆ ရက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ချမှတ်ထားသော ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ သဘောထားရပ်တည်ချက်မှာ ပြောင်းလဲမှုမရှိကြောင်း အများပြည်သူများ သိရှိနိုင်စေရန် အသိပေး ရှင်းလင်းဖော်ပြအပ်ပါသည်ဟု ၀န်ကြီးဌာန၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥပဒေအရ ဟိုတယ်လုပ်ငန်းလိုင်စင် အပြီးသတ် ပယ်ဖျက်ခံထားရသည့် ကျိုက်ထီးရိုး တောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်ကုမ္ပဏီမှ အသနားခံစာ တင်ပြလာသည့်အတွက်ဟုဆိုကာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန က အောက်တိုဘာလမှ မတ်လအထိ ခြောက်လ ဆက်လက်ဖွင့်လှစ်ခွင့် ပေးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment