Wednesday, July 22, 2015

ကော့သောင်းမြို့အနီး ကြက်မောက်ကျွန်း၏ အသည်းပုံသဏ္ဌာန် ဆားငန်ရေအိုင်ဓာတ်ပုံကို ကုမ္ပဏီတစ်ခုက ပင်လယ်ပြင်ခရီးသွားလုပ်ငန်းအတွက် ထိုင်းနိုင်ငံတွင် ကြော်ငြာခဲ့ရာမှ ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားလာ


မြန်မာနိုင်ငံတောင်ဘက်စွန်းရှိ ကော့သောင်းမြို့အနီး ကြက်မောက်ကျွန်းကို မြန်မာခရီးသွားကုမ္ပဏီတစ်ခုက ပင်လယ်ပြင်ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် ဓာတ်ပုံဖြင့် ဖော်ပြခဲ့ရာတွင် အသည်းပုံသဏ္ဌာန် ဆားငန်ရေအိုင်ပုံကို အသုံးပြုကာ ထိုင်းနိုင်ငံတွင် စတင်ကြော်ငြာခဲ့ရာမှ ပြည်တွင်းပြည်ပ ခရီးသွားများ လည်ပတ်ရန်အထူး စိတ်ဝင်စားသောနေရာအဖြစ် လာမည့်ခရီးသွားရာသီတွင် လာရောက်ရန် ရွေးချယ်ထားသော နေရာတစ်ခုဖြစ်လာကြောင်းကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ကော့သောင်းရုံးခွဲ) အ၀န်းအ၀ိုင်းမှ သတင်းရရှိသည်။

“ထိုင်းမှာ မြန်မာဘက်က ခရီးသွားကုမ္ပဏီတစ်ခုက ထိုင်းဘက်ခြမ်းက ဧည့်သည် များများလာဖို့ ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့အတွက် ကြော်ငြာတော့ ကြက်မောက်ကျွန်း ရဲ့ဓာတ်ပုံမှာ အသည်းပုံပါတဲ့ပုံကို စပြီး ကြော်ငြာသွားတာ။ ဓာတ်ပုံမှာ အသည်းပုံပေါ်တာ တွေ့ပြီး ထိုင်းမှာ တော်တော်လေး နာမည်ကြီး လူသိများပြီး လာလည်ဖို့ အာရုံစိုက်တာ ခံရတာပါ။ အရင်ကတည်းက ဒီဆားငံရေအိုင်ကို သွားလည်ကြတာပဲ။ အပေါ်ကို မရောက်ကြ ဓာတ်ပုံမရိုက်ဖြစ်ကြတော့ အသဲပုံမှန်း မသိကြတာပါ”ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကော့သောင်းရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။    

ထိုကျွန်းမှာ ကော့သောင်းမြို့၏  အနောက်တောင်ဘက်ရေမိုင်၂၈ မိုင်ခန်အကွာတွင် တည်ရှိပြီး ကျွန်းတစ်ခုလုံးကို သက်နုကျောက်များဖြင့် ဖွဲ့စည်းထားကာ ၁၂၀ ဧကခန့် ကျယ်ဝန်းကြောင်း ကျွန်းအလယ် ရေအိုင်မှာ အချင်း ၃၀၀ ပေခန့် ရှိပြီး၂၅ ပေခန့် ကျယ်ဝန်းကြောင်း၊ ထွက်ပေါက်ကို ဒီရေအနည်းငယ် ကျချိန်တွင် မြင်တွေ့နိုင်သဖြင့် ကယက်လှေ သို့မဟုတ် ရေးကူး၍ သွားလာနိုင်ကြောင်းနှင့် ငါးမျိုးစိတ် ၄၀ ခန့် Art coral  ၂၅ မျိုးခန့် သံပခြုပ်နှင့် လူကို အန္တရာယ်မပြုသော ငါးမန်းများ သားပေါက်တတ်ပြီး ဥရောပခရီးသွားများ Shark Lagoon ဟု တင်စားခေါ်ဝေါ်ကြကြောင်းကို ကော့သောင်းရုံးခွဲရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးက ပြောကြားသည်။ 
Credit to >>>Eleven Media Group

0 comments:

Post a Comment