Tuesday, January 24, 2017

ဆီးရီးယားတွင် ရုရှားနှင့်ပေါင်းပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည် ဆိုခြင်းကို အမေရိကန်ငြင်းဆို

ဆီးရီးယားတွင် ရုရှားလေတပ်နှင့် အမေရိကန် လေတပ်တို့ ပူးပေါင်း၍ စစ်ဆင်ရေး ဆင်နွှဲခဲ့ကြောင်း သတင်းကို အမေရိကန် စစ်ဘက်က ငြင်းပယ်ခဲ့သည်။

အစောပိုင်းတွင် ရုရှားအစိုးရဘက်က ဆီးရီးယား စစ်မြေပြင်၌ နှစ်နိုင်ငံ လေတပ်များ ချိတ်ဆက်ပြီး တိုက်ပွဲဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က ယင်းကို ငြင်းဆန်ပြီး ရုရှားနှင့် အမေရိကန် တိုက်လေယာဉ်များ လက်ရှိအချိန်ထိ ယှဉ်တွဲပျံသန်းမှုမျိုး မရှိသေးဟု ကြေညာသည်။

အမေရိကန်နှင့် ရုရှားတို့သည် ဆီးရီးယားရှိ အိုင်အက်စ် စစ်သွေးကြွများကို အတူတိုက်ခိုက်ရန် ညှိနှိုင်းမှုများ ရှိနေသော်လည်း အထမမြောက်သေးချေ။ ဇန်နဝါရီ ၂၃ ရက်တွင်မူ AP သတင်းဌာနက ရုရှားအစိုးရ မီဒီယာကို ကိုးကားပြီး နှစ်နိုင်ငံ လေတပ်များ ပူးပေါင်း၍ စစ်ဆင်ရေး ဆင်နွှဲခဲ့သည်ဟု ဖော်ပြရာမှ ထိုကိစ္စ မြန်မြန်ဆန်ဆန် ပျံ့နှံ့လာခဲ့သည်။

သို့သော် ပင်တဂွန်က ယင်းကို ပယ်ချခဲ့ပြီး “ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ ဆီးရီးယားမှာ ရုရှားနဲ့ ပူးပေါင်းပြီး လေကြောင်းတိုက်ပွဲတွေ ဆင်နွှဲခဲ့တယ် ဆိုတာကို ငြင်းဆိုပါတယ်”ဟု ဖြေရှင်းခဲ့သည်။ ထို့အပြင် လတ်တလော ရုရှားနှင့် ချိတ်ဆက်နေမှုများသည် ဆီးရီးယား ဝေဟင်တွင် စစ်ဆင်ရေးများ ဆင်နွှဲနေရာ၌ အချင်းချင်း တိုက်မိမှု မဖြစ်စေရန်၊ လေသူရဲများက လုံခြုံရေးကို အပြည့်အဝ အကာအကွယ် ပေးနိုင်ရန်သာဖြစ်ကြောင်းလည်း ပင်တဂွန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

AP၏ သတင်းဖော်ပြချက်သည် တိကျမှု မရှိခဲ့သော်လည်း သံရေးတမန်ရေး ချိတ်ဆက်မှုများ ရှုပ်ထွေးခြင်းနှင့် ဘာသာပြန်ရာတွင် အဓိပ္ပါယ် လွဲချော်နိုင်ခြင်းတို့ကြောင့် ယခုဖြစ်ရပ်မှာ နားလည်၍ ရကြောင်းလည်း ပင်တဂွန်၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့သည်။

ရုရှားဘက်ကမူ ဇန်နဝါရီ ၂၃ ရက်တွင် ဆီးရီးယား၌ ပြင်းထန်သော လေကြောင်းစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ကြောင်း အတည်ပြုထားသည်။ “ရုရှားပိုင်နက်က Tu-22M3 တာဝေး ဗုံးကြဲလေယာဉ်ကြီး ခြောက်စီး ပျံတက်ပြီး အီရတ်နဲ့ အီရန်ပိုင်နက်တွေကို ဖြတ်ကျော်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒီရာအက်ဇ်ဇော ဒေသက အိုင်အက်စ် စစ်ဌာနတွေ၊ လက်နက်တိုက်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်”ဟု ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဆက်ဆံရေး ပြေလည်သည့် ဒေါ်နယ်လ်ထရမ့် အမေရိကန် သမ္မတ ဖြစ်လာသည့်နောက် ဆီးရီးယားတွင် ထိုနှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းမှုမှာ လျင်လျင်မြန်မြန် ဖြစ်မြောက်လာမည်ဟု ခန့်မှန်းမှုများ ရှိနေကြောင်းလည်း သိရသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment