မောင်တောဒေသ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားရန် လုပ်သင့်လုပ်ထိုက်သည်များကို မြန်မြန်ထက်ထက် ထိရောက်စွာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမတွင် ဇန်န၀ါရီ ၂၄ ရက်က ပြုလုပ်သည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ကော်မရှင်အဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် အသေးစိတ်အစီရင်ခံစာ (မူကြမ်း) ကို စုစည်းရေးသားပြီး ဖြစ်ပါကြောင်း၊ အစီရင်ခံစာ၌ မိမိတို့ကော်မတီက အဓိကဖော်ထုတ်စိစစ်ရမည့် လုပ်ငန်းကိစ္စရပ်ရှစ်ခုကို ခြုံငုံရေးသားထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် အစီရင်ခံစာပါ အချက်များနှင့် စပ်လျဉ်း၍ အသေးစိတ်ဖြည့် စွက်သင့်သည်များကို ဆက်လက်ဆွေးနွေးသွားရန် ဖြစ်ပါကြောင်း၊ မိမိတို့ကော်မရှင်သည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မောင်တောဒေသလုံခြုံရေး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပျံ့နှံ့တည်တံ့ရေးတို့အတွက် ဘက်လိုက်မှုမရှိဘဲ လွတ်လပ်စွာ သုံးသပ်အကြံပြုရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့ပြင် အစီရင်ခံစာကို အကောင်းဆုံး၊ အပြည့်စုံဆုံး၊ ပြုစုတင်ပြမည်ဖြစ်ပါကြောင်း၊ အစီရင်ခံစာ၌ အကြံပြုချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရမည့်ကိစ္စများကို အလေးထား ဆက်လက်အကောင်အထည် ဖော်သွားရန် ညှိနှိုင်းတိုက်တွန်းမည်ဖြစ်ပါကြောင်း၊ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မြန်ထက်ထက် ထိရောက်စွာ အကောင်အထည်ဖော်နိုင်မှသာ အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားအောင် ကာကွယ်တားဆီးသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment