အဆိုပါ ခရီးသွားဒေသ ၁၀ ခုစာရင်းကို အမေရိကန်အခြေစိုက် Brides Magazine က ရွေးချယ်ခြင်းဖြစ်ပြီး ယင်းမဂ္ဂဇင်းသည် မင်္ဂလာပွဲဆိုင်ရာ အခမ်းအနားများ စီစဉ်ပေးခြင်း၊ မင်္ဂလာဝတ်စုံ စီစဉ်ပေးခြင်း၊ ဟန်းနီးမွန်းခရီးစဉ် ရေးဆွဲပေးခြင်း၊ မင်္ဂလာညစာစားပွဲနှင့် ပါတီအခမ်းအနားများ စီစဉ်ပေးခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
မင်္ဂလာမောင်နှံများ ၂၀၁၇ ခုနှစ်အတွင်း ဟန်းနီးမွန်း သွားရောက်ရာတွင် ရင်ခုန်ဖွယ်ရာ အကောင်းဆုံးဖြစ်စေမည့် ခရီးသွားဒေသ ၁၀ နိုင်ငံစာရင်း၌ မြန်မာနိုင်ငံ၊ ကနေဒါနိုင်ငံ အရှေ့ပိုင်းဒေသ၊ အင်ဒိုနီးရှားနိုင်ငံ Sumba ကျွန်း၊ လက်ဘနွန်နိုင်ငံ Beirut မြို့၊ နော်ဝေနိုင်ငံ၊ ဟန်ဂေရီနိုင်ငံ Budapest မြို့၊ Madagascar ကျွန်းနိုင်ငံ၊ သြစတြေးလျနိုင်ငံ Tasmania ကျွန်း၊ စကော့တလန်၊ ပစိဖိတ်သမုဒ္ဒရာရှိ Gala'pagos ကျွန်းတို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါ ခရီးသွားဒေသ ၁၀ နိုင်ငံစာရင်းတွင် ထိပ်ဆုံး၌ ပါဝင်ခဲ့သော မြန်မာနိုင်ငံ၌ အိမ်နီးချင်းနိုင်ငံများအဖြစ် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံတို့ တည်ရှိရာ မတူခြားနားသော ယဉ်ကျေးမှုများ ဖြစ်ထွန်းကာ အစားအစာ ချက်ပြုတ်နည်း အမျိုးမျိုးကြွယ်ဝကြောင်း Brides က ဖော်ပြသည်။
ဟန်းနီးမွန်း သွားရောက်ရာတွင် ရွှေတိဂုံစေတီတော် တည်ရှိရာ ရန်ကုန်မြို့ကို ၀င်ရောက်လည်ပတ်သင့်ပြီး စေတီပုထိုးပေါင်း ၂၀၀၀ ကျော်ရှိသော ပုဂံနှင့် အင်းလေးကို သွားရောက်သင့်သည်ဟု တိုက်တွန်းထားသည်။ ပုဂံရှိ စေတီပုထိုးများနှင့် ထန်းပင်ရှုခင်းများကို မိုးပျံပူဖောင်းစီး၍ ကြည့်ရှုနိုင်ပြီး သန့်ရှင်းလတ်ဆတ်သော လေနှင့်ရှုခင်းများက Romatic ဖြစ်စေသကဲ့သို့ အင်းလေးကန်၏ ကဗျာဆန်သော နေ၀င်ရှုခင်းနှင့် ရိုးရာလှေစီး အတွေ့အကြုံများက အိပ်မက်ဆန်သည့် ဇနီးမောင်နှံနေ့ရက်များကို ခံစားနိုင်မည်ဖြစ်ကြောင်း ၎င်းမဂ္ဂဇင်းက ညွှန်းဆိုထားသည်။
မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံတကာ ခရီးသွားများအကြား ရေပန်းစားလာပြီး နာမည်ကျော် ခရီးသွားဝက်ဘ်ဆိုက်များ၊ မဂ္ဂဇင်းများ၏ ထိပ်တန်းခရီးစဉ် ဒေသများစာရင်းတွင် ပါဝင်လာခဲ့သည်။ ပြီးခဲ့သော နှစ်များအတွင်း နိုင်ငံတကာ ခရီးသွားလမ်းညွှန်များဖြစ်သော Lonely Planet၊ Tripadvisor၊ Touropia၊ TTR Weekly စသည်တို့တွင် ထိပ်တန်းခရီးသွားဒေသတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွား ၂၉၀၂၀၀၉ ဦး လာရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်က ၄၆၈၁၀၂၀ ၀င်ရောက်ခဲ့သောကြောင့် ခရီးသွားဦးရေ ၁၇၇၀၀၀၀ ကျော် လျော့ကျခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၃၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ခရီးသွားလျော့ကျရခြင်း၏ အဓိက အကြောင်းရင်းနှစ်ခုမှာ နယ်စပ်မှတစ်ဆင့် ၀င်ရောက် လည်ပတ်သူများကို စနစ်သစ်ဖြင့် အရေအတွက် ကောက်ခံမှုနှင့် ဒေသအချို့တွင် လုံခြုံရေးအရ ကန့်သတ်မှုများ ပြုလုပ်ရခြင်းကြောင့် ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြီးခဲ့သော တစ်ပတ်က စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်တွင် ပြောကြားသည်။
Credit To >>>> Eleven Media Group
0 comments:
Post a Comment