ကျုံးလေးဖက်လေးတန်တွင် နေရာချထား ဆင်နွှဲလေ့ရှိသော မန္တလေးသင်္ကြန်ပွဲတော်အား ယခုနှစ်တွင် ပြောင်းလဲကျင်းပရန် စီစဉ်လျက်ရှိပြီး ကျုံးအတွင်း မဏ္ဍပ်ဆောက်လုပ် ဆင်နွှဲခွင့်ပြုတော့မည် မဟုတ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ စုံစမ်းသိရသည်။
“သင်္ကြန်ကာလ လေးရက်အတွင်း ရေဂါလန်သန်းလေးဆယ်လောက်ထိ ကုန်ခဲ့တဲ့ မန္တလေးကျုံးဘေးသင်္ကြန်မှာ ၂၆ ဘီလမ်း (ကျုံးတောင်ဘက်ခြမ်း) ကို ယာဉ်ဝင်ခွင့်တောင်ပြုမှာ မဟုတ်တော့ဘူး။ အဓိကကတော့ ကျုံးတောင်ဘက်ကို မန္တလေးမြို့တော် မဟာသင်္ကြန် မဏ္ဍပ်နဲ့ နန်းမြို့သူမဏ္ဍပ် နှစ်ခုသာ ဆောက်တော့မှာဖြစ်ပြီး မြို့တော်ဝန်မဏ္ဍပ်ကိုလည်း ယခင်သုံးစွဲခဲ့တဲ့ ဘတ်ဂျက်ဆယ်ပုံတစ်ပုံသာ သုံးစွဲသွားမယ်။ ဒါကြောင့် နာမည်ကျော်တေးသံရှင် အနုပညာရှင်တွေကို ငွေကုန်ခံ ငှားရမ်းတော့မှာ မဟုတ်ဘူး။ နောက်ပြီး မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲကို ကျောင်းသူသုံးထောင်ခန့် ကပြဖျော်ဖြေမှုလည်း ပါဝင်ခြင်း မရှိတော့ပါဘူး” ဟု စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးဖြစ်သူ ကျော်ရင်မြင့် (စာရေးဆရာ) က ပြောကြားသည်။
“အဓိကကတော့ ရေဆုံးရှုံးမှု လျှော့ချတာဖြစ်သလို ကျုံးဘေးသင်္ကြန်ကို ယဉ်ကျေးမှု ပြန်လည်ဖော်ဆောင်တာပါ။ ၂၆ဘီလမ်း တောင်ဘက်ကျုံးကိုတော့ ယာဉ်ဝင်ခွင့် လုံးဝခွင့်မပြုပါဘူး။ ကျန်တဲ့ကျုံးတွေကိုတော့ နှစ်ခုကနေ သုံးခုထိပဲ ချထားပေးမယ်။ ဒါပေမဲ့ ရေပိုက်တွေ သုံးစွဲခွင့်တော့ ကန့်သတ်ထားပါတယ်။ နောက်တစ်ခုက ကျုံးကို ကျောပေးပြီး မဏ္ဍပ်တည်ဆောက်ခွင့် မရှိတော့ပါဘူး။ ည ၇ နာရီကျော်ရင်လည်း ရေလုံးဝမပက်ရပါဘူး။ ချိုးဖောက်ခဲ့ရင် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်သွားမှာပါ။ ဒီလိုသတ်မှတ်လိုက်မှသာ မဏ္ဍပ်တွေရဲ့ ဖျော်ဖြေမှုကို မြို့ခံတွေ အေးချမ်းစွာ ကြည့်ရှုနိုင်မှာပါ” ဟု စည်ပင်သာယာရေး ကော်မတီဝင် ကျော်ရင်မြင့် (စာရေးဆရာ) က မန္တလေးသင်္ကြန်အတွက် ဆောင်ရွက်နေသည်များနှင့် ပတ်သက်၍ ပြောကြားသည်။
မန္တလေးမြို့တော်ဝန် သင်္ကြန်မဏ္ဍပ်တွင် ယခင်နှစ်များက ကျပ်သိန်းသုံးထောင်မှ ကျပ်သိန်းလေးထောင်အထိ သုံးစွဲခဲ့ရာ ယခုလာမည့် ၂၀၁၇ ခုနှစ် သင်္ကြန်တွင် ဆယ်ပုံတစ်ပုံသာ သုံးစွဲမည်ဖြစ်ရာ မဏ္ဍပ်ဖျော်ဖြေမှုများအတွက် မန္တလေးမြို့ခံ အနုပညာရှင်၊ ဆိုင်းပညာရှင်များက ကူညီဖျော်ဖြေမည် ဖြစ်ကြောင်း၊ ယခင်က ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်အလိုက် အလှပြယာဉ်ပြိုင်ပွဲများ၊ အလှပြမဏ္ဍပ် ပြိုင်ပွဲများလည်း ကျင်းပတော့မည် မဟုတ်ကြောင်း သိရသည်။
“ကျုံးဘေးမဏ္ဍပ်များ ကန့်သတ်လျှော့ချလိုက်တဲ့ အတွက် မြို့တွင်းမဏ္ဍပ်များ ရေရရှိဖို့ ယခုအချိန်ကတည်းက စည်ပင်သာယာက ဆောင်ရွက်နေပြီး မြို့တွင်းအလှပြမဏ္ဍပ်များ တည်ဆောက်ချင်ရင်လည်း ခွင့်ပြုပေးသွားမှာပါ။ ကျုံးဘေးသင်္ကြန်ကို အရုပ်ဆိုး အကျည်းတန်စေမှုကနေ ပပျောက်ချင်လို့ ယခုလို ဆောင်ရွက်ရတာဖြစ်ပြီး လူငယ်လူရွယ်တွေရဲ့ ပျော်ရွှင်မှုကို ကန့်သတ်ပိတ်ပင်တာ မဟုတ်ကြောင်း ပြောကြားလိုပါတယ်။ ကျုံးဘေးသင်္ကြန်လို မဏ္ဍပ်များ တစ်ခုတစ်စုတည်း ချပေးနိုင်ဖို့ မန္တလေးကန်တော်ကြီးမှာ ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိပါတယ်” ဟု ဦးကျော်ရင်မြင့်က ဆက်လက်ပြောကြားသည်။
“ကျုံးဘေးမဏ္ဍပ်တွေလို တစုတစည်းတည်း ချပေးနိုင်ဖို့အတွက်က ကန်တော်ကြီးတစ်ခုပဲ ရှိတယ်။ ကန်တော်ကြီးက ငါးလေလံပေးခဲ့တော့ ရေကသုံးစွဲလို့ မရဘူး။ ဒါကြောင့် အခုဧပြီလကစပြီး အင်းထဲငါးမွေးမြူခွင့် လေလံပြန်ရုပ်သိမ်းထားပါတယ်။ ပြီးရင်အင်းရေကို ပြန်လည်သန့်စင်မှာပါ။ ၂၀၁၈ သင်္ကြန်မှာတော့ ကန်တော်ကြီးအတွင်း မဏ္ဍပ်တွေ အကုန်ခွင့်ပြုနိုင်မှာပါ။ လူငယ်တွေရဲ့ ပျော်ရွှင်မှုကို ကျွန်တော်တို့ မပိတ်ပင်ပါဘူး။ အဓိကကတော့ ကျုံးဘေးသင်္ကြန်ကို ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ အခု အစီအစဉ်တွေကို မြို့တော်ဝန်က အစိုးရအဖွဲ့ကို တင်ပြထားပြီးပါပြီ” ဟု ဦးကျော်ရင်မြင့်က ဆိုသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment