ဇန်န၀ါရီ ၁၇ ရက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းကျင်းပသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းအစည်းအဝေးတွင် အဆိုပါကိစ္စအား ထည့်သွင်းဆွေးနွေး သုံးသပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအစည်းအဝေးပွဲတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကိစ္စ အပါအ၀င် ပညာရေးဝန်ထမ်းများ လစာထုတ်ယူရာတွင် Card စနစ်၊ Mobile Payment စနစ်များ ယခုထက်ပို၍ အသုံးပြုနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၏ တင်ပြမှုအပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညှိနှိုင်းဆောင်ရွက်ပေးရေး၊ ကုန်သွယ်မှုကဏ္ဍတွင် Trade Finacing ၀န်ဆောင်မှုပေးနိုင်ရေးအတွက် ပြည်တွင်းဘဏ်များက နိုင်ငံတကာဘဏ် လုပ်ထုံးလုပ်နည်းများ၊ ပြည်တွင်းဥပဒေ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်တွင်းဘဏ်များနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး ဆောင်ရွက်နိုင်ရန် စီစဉ်ပေးရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဈေးကွက်အတွင်း စံချိန်တင် နိုင်ငံခြားငွေလဲနှုန်းအဖြစ် တစ်ဒေါ်လာ ၁၄၃၈ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပြီး အဓိကသွင်းကုန် ပစ္စည်းတစ်ခုဖြစ်သော စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။ ယင်းကာလတွင် ဒေါ်လာဈေးမြင့်တက်မှုကြောင့် စက်သုံးဆီဈေးနှုန်းများ တစ်လီတာ ကျပ် ၅၀ မှ ၆၅ ကျပ်ကြား တစ်လအတွင်းမြင့်တက်လာပြီး ရာခိုင်နှုန်းအားဖြင့် ခုနစ်ရာခိုင်နှုန်းကျော် မှ ၁၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ ဈေးနှုန်းအရ သိရသည်။
ဒီဇင်ဘာ ၁၇ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီလက်လီဈေးများမှာ ဒီဇယ် တစ်လီတာ ၆၉၅ ကျပ် (တစ်ဂါလန် ၃၁၅၅ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၇၁၀ (တစ်ဂါလန် ၃၂၂၃ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၇၀၀၊ (တစ်ဂါလန် ၃၁၇၈ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၇၄၀ (တစ်ဂါလန် (၃၃၅၉ ကျပ်) ဖြစ်သည်။
ပြီးခဲ့သော နိုဝင်ဘာ ၁၇ ရက်တွင် ဖြစ်ပေါ်သော ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဒီဇယ် တစ်လီတာ ၆၅ ကျပ် (၁၀ ဒသမ ၃၁ ရာ ခိုင်နှုန်း)၊ ပရီမီယံဒီဇယ် တစ်လီတာ ၆၀ ကျပ် (၉ ဒသမ ၂ ရာခိုင်နှုန်း)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၅ ကျပ် (၁၀ ဒသမ ၂၃ ရာခိုင်နှုန်း)၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၅၀ (၇ ဒသမ ၂ ရာခိုင်နှုန်း) တစ်လအတွင်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဇန်န၀ါရီအတွင်း နိုင်ငံခြားငွေလဲနှုန်းများ ကျဆင်းလာသော်လည်း စက်သုံးဆီဈေးနှုန်းများ လိုက်ပါကျဆင်းမှု မရှိဘဲ အချို့ဆိုင်များ၏ ဈေးနှုန်းသည် နိုင်ငံခြားငွေလဲနှုန်း စံချိန်တင်မြင့်တက်သည့် ဒီဇင်ဘာ တတိယပတ်ဈေးနှုန်းများထက်ပင် မြင့်မားနေကြောင်း သိရသည်။ ဇန်န၀ါရီ ၁၇ ရက်အထိ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၅၀ ၀န်းကျင်အထိ ကျဆင်းလာသော်လည်း ဇန်န၀ါရီ ၁၈ ရက်တွင် ဖြစ်ပေါ်သော အနိမ့်ဆုံး စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ကျပ် ၆၉၀ (တစ်ဂါလန် ၃၁၃၂ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၇၁၀ (တစ်ဂါလန် ၃၂၂၃ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၇၀၀၊ (တစ်ဂါလန် ၃၁၇၈ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၇၄၀ (တစ်ဂါလန် (၃၃၅၉ ကျပ်) ဖြစ်သည်။
ကမ္ဘာ့ရေနံစိမ်းဈေးသည် နိုဝင်ဘာ ၁၇ ရက်နှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာ ၁၇ ရက် တွင် ၁၃ ရာခိုင်နှုန်းခန့် မြင့်တက်လာပြီး တစ်စည် ၅၂ ဒေါ်လာခန့်ရှိကာ ဇန်န၀ါရီ ၁၈ ရက်တွင်လည်း ၅၂ ဒေါ်လာဝန်းကျင်တွင်သာ ရှိသည်။
ပြီးခဲ့သော နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ရေနံဈေး မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာနှင့် ဇန်န၀ါရီနှိုင်းယှဉ်ပါက ကမ္ဘာ့ရေနံစိမ်းဈေး ၀ ဒသမ ၆၀ ဒေါ်လာခန့်သာ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ငွေလဲနှုန်းသည် နိုဝင်ဘာ ၁၇ ရက်က ၁၃၁၄ ကျပ်ဝန်းကျင်တွင် ရှိပြီး ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ဒေါ်လာ ၁၄၃၅ ကျပ်အထိ မြင့်တက်ခဲ့ကာ ဈေးနှုန်းကွာခြားချက် ၁၂၁ ကျပ် ရှိသည်။ ရာခိုင်နှုန်းအားဖြင့် တွက်ကြည့်ပါက နိုဝင်ဘာ တတိယပတ်နှင့် ဒီဇင်ဘာ တတိယပတ် ကာလအတွင်း ၉ ဒသမ ၂ ရာ ခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ပြီး စက်သုံးဆီဈေးနှုန်းသည် ယင်းကာလအတွင်း ခုနစ်ရာခိုင်နှုန်းကျော် မှ ၁၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခြင်း ဖြစ်သည်။ ဒီဇင်ဘာ တတိယပတ်နှင့် နှိုင်းယှဉ်ပါက ဇန်န၀ါရီ တတိယပတ်တွင် နိုင်ငံခြားငွေလဲနှုန်း ၈၈ ကျပ် ကျဆင်းခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၆ ဒသမ ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းမှု နည်းပါးခဲ့ခြင်းကြောင့် ယခုသက်ဆိုင်ရာဝန်ကြီးဌာနများမှ အကြောင်းရင်းကို ဖော်ထုတ် သုံးသပ်တော့မည် ဖြစ်သည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment