တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခြင်း မပြုသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့က မူဝါဒဆိုင်ရာ ဖြေလျှော့မှုအချို့ ပြုလုပ်ခြင်း၊ အင်အားသုံး တိုက်ခိုက်မှုများကို ရပ်ဆိုင်းခြင်းတို့ ပြုလုပ်ပေးရန် ကရင်တစ်မျိုးသားလုံးကိုယ်စား တောင်းဆိုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားသည်။
ဇန်န၀ါရီ ၁၈ ရက်က ကရင်ပြည်နယ် ဘားအံမြို့ရှိ သီရိဘားအံဟိုတယ် မင်္ဂလာဖားစည်ခန်းမတွင် ပြုလုပ်သည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ကရင်) တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက မိန့်ခွန်းပြောကြားစဉ် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ယနေ့ ကရင်ပြည်နယ်တွင် ပြုလုပ်သည့် အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲကဲ့သို့ အခြေခံသော အခြားသော တိုင်းရင်းသားဒေသများ၏ တိုင်းနှင့်ပြည်နယ်များ အားလုံးတွင်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် လိုအပ်ကြောင်း၊ ထိုကဲ့သို့ ကျင်းပနိုင်မှသာ အားလုံးသော အမြင်သဘောထားများကို ရရှိမည်ဖြစ်ပြီး အားလုံးပါဝင်သည့် တည်ငြိမ်အေးချမ်းသော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး အတူတကွ ပိုင်ဆိုင်သည့် နိုင်ငံကို ပြန်လည်တည်ဆောက်ရာတွင် အယူအဆ နှင့် ခံယူချက်မှစ၍ အနှစ်သာရ ပါဝင်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ရှေးရှုရန် လိုအပ်ကြောင်း၊ အနှစ်သာရပါသည့် ပြောင်းလဲဖြစ်ထွန်းမှုအတွက် အားထုတ်ကြိုးပမ်းမှု၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအပေါ် လေးနက်မှုရှိသည့် လုပ်ငန်းယန္တရားများကို အတူတကွ ချမှတ်အကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်း၊ ထိုသို့ အကောင်အထည်ဖော်ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ ခိုင်မာမှုအပေါ် မူတည်နေကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
“တစ်ဆက်တည်းမှာပဲ အားလုံးပါဝင်ပြီး အားလုံးပိုင်ဆိုင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ ပူးပေါင်းပါဝင်နိုင်ဖို့ လက်ရှိ တိုင်းရင်းသားဒေသအချို့မှာ ဖြစ်ပွားနေသေးတဲ့ လက်နက်ကိုင်ပဋိပက္ခများကို ရပ်တန့်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့မှ နည်းလမ်းရှာသွားဖို့ တိုက်တွန်းလိုပါတယ်။
အမြင်မတူမှု၊ အငြင်းပွားမှု၊ တစ်ဖက်နဲ့တစ်ဖက် ပြစ်တင်ဝေဖန်မှု၊ မုန်းတီးမှု၊ နာကြည်းမှုများကို ရှေ့တန်းမတင်ဘဲ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် တိုင်းရင်းသားပြည်သူ၊ အမျိုးသမီး၊ ကလေးငယ်များ၏ ရင်ဆိုင်ရသော အနိဋ္ဌာရုံတွေကို ထောက်ထား၍ အမြန်ဆုံးတွေ့ဆုံ ညှိနှိုင်းနိုင်ဖို့ တောင်းဆိုလိုပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် အသက်တမျှ အရေးကြီးပါတယ်။
ဒါကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း မပြုသေးတဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် လမ်းဖွင့်ပေးရန်မှာ လည်း နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ဘက်က သဘောထားကြီးပြီး မူဝါဒဆိုင်ရာမှာ ဖြေလျှော့မှုအချို့ ပြုလုပ်ခြင်း၊ အင်အားသုံး တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းခြင်းတို့ကို ပြုလုပ်ပေးဖို့ ကရင်တစ်မျိုးသားလုံးကိုယ်စား ကျွန်တော့်အနေနဲ့ အလေးအနက် တောင်းဆိုပါတယ်”ဟု ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ဆိုသည်။
ထို့ပြင် ယခုကဲ့သို့ NCA ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ အဖြေရှာရန် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ကျင်းပသကဲ့သို့ ရရှိထားသည့် သဘောတူညီမှုများ ကိုလည်း ပိုမိုခိုင်မာစွာ ပုံဖော်လုပ်ဆောင်သွားရန်၊ NCA ကို သဘောတူညီထားကြပြီး အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည် မဖော်နိုင်သေးသည့် ကိစ္စရပ်များကို နှစ်ဖက်ခေါင်းဆောင်များက လေးလေးနက်နက် ထားကာ ဆက်လက်ညှိနှိုင်း အကောင်အထည်ဖော်ရန်နှင့် တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အတူတကွ သဟဇာတရှိစွာ နေထိုင်နိုင်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အတူတကွ ပူးပေါင်းတည်ဆောက်ကြရန် တိုက်တွန်းကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)မှာ NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တွင် တစ်ဖွဲ့အပါအ၀င် ဖြစ်ပြီး၊ NCA တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်ဖွဲ့ (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြစ်သည်။
NCA စာချုပ်တွင် “၀” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA)၊ နာဂ လက်နက်ကိုင်အဖွဲ့ (NSCNK)၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ “၀” အမျိုးသားအဖွဲ့ချုပ် (WNO)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့မှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးဘဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများသို့ တက်ရောက်ပါဝင်ခွင့် မရရှိသေးကြောင်း သိရသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment