
ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ်နှစ်စင်း ဆုံစည်းရာနေရာတွင် တည်ဆောက်သွားရန် စီစဉ်ထားသည့် စက်သုံးဆီဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်၍ ဇန်န၀ါရီ ၁၀ ရက်က ပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး လွှတ်တော်တွင် အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက အဆိုပါ ဆီဆိပ်ကမ်းစီမံကိန်းမှာ ရှေးဟောင်းယဉ်ကျေးမှု ဇုန်များနှင့်နီးကပ်နေခြင်း၊ ငလျင်ဇုန်အတွင်း ကျရောက်နေခြင်းတို့ကြောင့် အခြားနေရာသို့ ပြောင်းရွှေ့လုပ်ဆောင်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းကို မေးမြန်းခဲ့မှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးက အစီအစဉ်မရှိကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“စက်သုံးဆီဆိပ်ကမ်း စီမံကိန်းဟာ ၂၀၁၃ ဇန်န၀ါရီလအတွင်းက ခွင့်ပြုပေးခဲ့တဲ့စီမံကိန်း ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရ တက်လာတဲ့အချိန်မှာ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး တည်ဆောက်ရေး လုပ်ငန်းပိုင်းတွေကို စစ်ဆေးခဲ့ပါတယ်။ နည်းပညာပိုင်းနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေကို စစ်ဆေးနိုင်ဖို့အတွက် ကြီးကြပ်ရေးကော်မတီ တစ်ရပ်ကို တိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ကိုယ်တိုင်ဦးဆောင်ပြီး ကြီးကြပ်ဆောင်ရွက်နေပါတယ်။ ရှေးဟောင်းနယ်နိမိတ်ဇုန်တွေနဲ့လည်း သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကင်းလွတ်ပါတယ်။ တခြားကမ္ဘာ့နိုင်ငံတွေမှာလည်း လောင်စာဆီ သိုလှောင်ကန်တွေကို ဆိပ်ကမ်းတွေမှာ တည်ဆောက်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဧရာဝတီမြစ်နဲ့ ဒုဋ္ဌ၀တီမြစ်ဆုံနေရာမှာ တည်ဆောက်မယ့် စီမံကိန်းကို နိုင်ငံတကာစံနှုန်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဖို့အတွက် သက်ဆိုင်ရာ ပညာရှင်တွေနဲ့ လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် နေရာပြောင်းရွှေ့ဆောင်ရွက်ဖို့ အစီအစဉ်မရှိပါဘူး” ဟု တိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ဖြေကြားသည်။
ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ်နှစ်စင်း နေရာတွင် တည်ဆောက်မည့် စက်သုံးဆီဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်၍ ရှေးဟောင်းယဉ်ကျေးမှုဇုန်နှင့် နီးကပ်လျက်ရှိခြင်း၊ အဓိကမြစ်နှစ်စင်း ဆုံစည်းရာနေရာတွင် ဖြစ်နေခြင်း၊ ငလျင်ဇုန်အတွင်း ကျရောက်နေခြင်း အစရှိသည့်အချက်များကြောင့် သက်ဆိုင်ရာပညာရှင်များ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများ၊ ဒေသခံများက နေရာပြောင်းရွှေ့ လုပ်ဆောင်ပေးရန်အတွက် ဝေဖန်တောင်းဆိုမှုများ ကန့်ကွက်မှုများ ဖြစ်ပေါ်လျက်ရှိသည့် စီမံကိန်းဖြစ်သည်။
ယခင်အစိုးရလက်ထက်က အဆိုပါစီမံကိန်း လုပ်ဆောင်ရန် စီစဉ်နေမှုကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆီဆိပ်ကမ်းစီမံကိန်းမှာ ရှေးဟောင်းယဉ်ကျေးမှုဇုန်များ ဖြစ်သည့် အင်းဝမြို့ဟောင်း၊ သပြေတန်းခံတပ်၊ စစ်ကိုင်း (အင်းဝတံတား) တံတားတို့နှင့် နီးကပ်လျက်ရှိနေခြင်းတို့ကြောင့် ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီ မြစ်ဆုံနေရာတွင် လုပ်ဆောင်ရန်မသင့်ကြောင်းကို ကန့်ကွက်တင်ပြထားခဲ့ကြောင်း သိရသည်။
“ကျွန်တော်ကတော့ ဒေသအတွက် စိုးရိမ်လို့ အဆိုတင်ခဲ့တာ ဖြစ်ပါတယ်။ အခုသူတို့က ပြောင်းရွှေ့ဖို့ အစီအစဉ်မရှိဘူးဆိုတော့ ဘာမှမပြောလိုပါဘူး။ လုပ်ဆောင်မယ့် အစီအစဉ်တွေကိုပဲ စောင့်ကြည့်သွားရမှာပေါ့” ဟု အဆိုတင်သွင်းခဲ့သည့် အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဆွေက ဆိုသည်။
ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ်နှစ်စင်းဆုံရာတွင် တည်ဆောက်သွားရန် စီစဉ်နေသည့် စက်သုံးဆီဆိပ်ကမ်း စီမံကိန်းကို မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှ တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းကို ၂၀၁၃ ခုနှစ်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment