Thursday, January 12, 2017

နမ့်ဆန်မြို့အနီးတွင် တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဒေသခံများ စိုးရိမ်နေ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် ဇန်န၀ါရီ ၁၀ ရက်ညပိုင်းနှင့် ဇန်န၀ါရီ ၁၁ ရက် နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုများရှိနေပြီး ကျေးရွာအချို့မှ ဒေသခံများမှာ လက်နက်ကြီး ကျရောက်မည်ကို စိုးရိမ်သောကြောင့် အခြားရွာများသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။

“မနေ့ညတုန်းက တစ်ညလုံး သေနတ်သံတွေရော လက်နက်ကြီးသံတွေပါ ကြားနေရတယ်။ တစ်ညလုံးလည်း အိပ်လို့မပျော်ဘူး။ စိုးရိမ်နေကြတာပေါ့။ အားလုံးလည်း ကြောက်နေကြတယ်။ မနေ့က TNLA လက်နက်ကိုင်အဖွဲ့တွေ နမ့်ဆန်မြို့ထဲကို ၀င်လာတော့ တစ်မြို့လုံးက လန့်နေကြတယ်။ မြို့ထဲမှာလည်း အသွားအလာ သိပ်မရှိတော့ဘူး” ဟု နမ့်ဆန်မြို့နေ ဒေါ်ခင်ထားလှိုင်က ပြောကြားသည်။
ဇန်န၀ါရီ ၁၀ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် TNLA လက်နက်ကိုင်အဖွဲ့များ မြို့တွင်းသို့ ၀င်ရောက်လာချိန်တွင် ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းများ မရှိတော့ဘဲ မြို့တွင်းတွင်လည်း အသွားအလာများ မရှိသလောက် နည်းသွားကြောင်း သိရသည်။
“TNLA လက်နက်ကိုင်အဖွဲ့တွေ မြို့ထဲကို ၀င်လာတဲ့အချိန်မှာ ကလေးကျောင်းကြိုချိန်လည်း ဖြစ်နေတော့ ရှုပ်ယှက်ခတ်ကုန်တာပေါ့။ ကလေးတွေကို ကျောင်းပြန်မပို့ရဲတော့ဘူးလေ။ မြို့ထဲမှာလည်း တိတ်ဆိတ်နေတာပဲ။ ဈေးဆိုင်တွေလည်း အကုန်ပိတ်ကုန်တယ်။ ဘယ်သူမှ အပြင်ကို မထွက်ရဲကြတော့ဘူး။ သိပ်တော့မကြာပါဘူး သူတို့အဖွဲ့တွေလည်း မြို့ထဲကနေ ပြန်ထွက်သွားတယ်” ဟု နမ့်ဆန်မြို့နေ ဒေသခံတစ်ဦးက ဇန်န၀ါရီ ၁၀ ရက် ညပိုင်းကပြောကြားသည်။
ဇန်န၀ါရီ ၁၁ ရက် နံနက်ပိုင်းတွင်လည်း နမ့်ဆန်မြို့ အနီးတစ်ဝိုက်တွင် ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ပြီး နမ့်ဆန်မြို့တွင်းတွင် အသွားအလာ မရှိသလောက် နည်းပါးနေကြောင်း သိရသည်။
“ဒီနေ့မနက်လည်း ပစ်ခတ်မှုတွေဖြစ်နေတယ်။ မြို့ထဲမှာလည်း အသွားအလာကို မရှိတော့ဘူး။ မနေ့ညက ပစ်ခတ်မှုတွေကြောင့် အိမ်အချို့နဲ့ ဌာနဆိုင်ရာ အဆောက်အအုံတွေကို လက်နက်ကျည်ဆန် ထိမှန်လို့ ပျက်စီးတာတွေရှိတယ်။ လူတစ်ဦးလည်း လက်နက်ကျည်ဆန်ထိမှန်လို့ ဆေးရုံကြီးမှာ နမ့်ဆန်ဆေးရုံမှာ ကုသဖို့ခေါ်သွားတယ်ပြောတယ်။ ဒီနေ့တော့ ကျောင်းတွေလည်း ပိတ်ထားတယ်။ မြို့ထဲမှာ ဘယ်သူမှအပြင်ကို မထွက်ရဲကြဘူး” ဟု နမ့်ဆန်မြို့မှ ဒေသခံကိုမိုးအောင်က ပြောကြားသည်။
တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့များ၏ ထိတွေ့ပစ်ခတ်မှုများကြောင့် နမ့်ဆန်မြို့အနီးရှိ ကျေးရွာအချို့မှ ဒေသခံများလည်း လက်နက်ကြီးကျည် ကျရောက်မည် စိုးရိမ်သောကြောင့် အခြားရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“မနေ့ညက လက်နက်ကြီး ပစ်ခတ်သံတွေကြားတယ်။ တချို့ရွာတွေဘက် အနီးမှာလည်း လက်နက်ကြီးကျတာတွေ ရှိတယ်။ ပစ်ခတ်တဲ့နေရာနဲ့ ကျွန်တော်တို့ရွာနဲ့ကလည်း သိပ်မဝေးတော့ ရွာကလူတွေက သိပ်မနေရဲကြဘူး။ တခြားရွာတွေဘက်ကို တိမ်းရှောင်နေကြတယ်” ဟု နမ့်ဆန်မြို့အနီး ညောင်ပင်သာရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။
အလားတူ ဇန်န၀ါရီ ၁၀ ရက်ည ၇ နာရီကျော်ခန့်တွင်လည်း ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment