Thursday, December 1, 2016

ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသော Eleven Media Group ၏ CEO နှင့် အယ်ဒီတာချုပ်တို့ အာမခံလျှောက်ထားမှု ပလပ်ခံရသည့်အပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ သဘောထားထုတ်ပြန်

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသော Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား အာမခံလျှောက်ထားမှု ပလပ်ခံရသည့်အပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက နိုဝင်ဘာ ၃၀ ရက်က သဘောထားထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Eleven Media Group အပေါ်အရေးယူရန် တိုင်ကြားထားခြင်းနှင့် ပတ်သက်၍ Eleven Media Group ၏ အာမခံလျှောက်ထားခြင်းကို တာမွေမြို့နယ်တရားရုံးက (နိုဝင်ဘာ ၃၀ ရက်) တွင် ပလပ်လိုက်သည်ဟု သိရှိရကြောင်း၊ အဆိုပါအမှုနှင့် ပတ်သက်၍ တရားစွဲဆိုမှုဖြစ်စဉ်တွင် သတင်းမီဒီယာ ကောင်စီအနေဖြင့် ၀င်ရောက်စွက်ဖက်ခြင်း မပြုလိုသော်လည်း အစိုးရတစ်ရပ်နှင့် သတင်းမီဒီယာတို့အကြားတွင် နွေးထွေးပြေလည်သည့် ဆက်ဆံရေးဖြစ်ပေါ်စေလိုသော ဆန္ဒရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက ဖော်ပြအပ်ပါသည်ဟု ရေးသားထားသည်။


Myanmar; A year after the Nov 8 Polls ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အယ်ဒီတာ့အာဘော်ကို နိုင်ငံပေါင်း ၂၁ နိုင်ငံမှ မီဒီယာ ၂၂ ခု၏ သတင်းစာနှင့် ၀က်ဘ်ဆိုက်များတွင် ဖော်ပြခဲ့ပြီး The Daily Eleven သတင်းစာတွင် နိုဝင်ဘာ ၆ ရက်က ဘာသာပြန်ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်၍ တရားစွဲဆို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ Eleven Media Group ၏ရေးသားမှုများနှင့် ပတ်သက်၍ ထိန်းသိမ်းကြပ်မတ် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် တိုင်ကြားစာတစ်စောင် နိုဝင်ဘာ ၈ ရက်တွင် ပေးပို့ခဲ့သည်။

သို့ရာတွင် အဆိုပါစာပေးပို့ထားချိန် နိုဝင်ဘာ ၉ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ သတင်းစာရှင်းလင်းပွဲတွင် Eleven Media Group စီအီးအိုနှင့် Eleven Media Group အားဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရှင်းလင်းပြောကြားချက်အရ သိရကြောင်း၊ သတင်းမီဒီယာ နည်းဥပဒေပုဒ်မ ၃၇ တွင် နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည်ကောင်စီသို့ တိုင်ကြားလွှာဖြင့် တိုင်ကြားပြီးနောက်တွင် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ၊ တရားရုံးသို့စွဲဆိုလျှင် ကောင်စီသို့တိုင်ကြားခဲ့သော တိုင်ကြားလွှာကို ပြန်လည်ရုပ်သိမ်းရမည်ဟု ပါရှိကြောင်း၊ ထို့ကြောင့် အထက်ပါစာပိုဒ် ၃ တွင် ဖော်ပြထားချက်အရ ပြစ်မှုကြောင်းအရ တရားစွဲဆိုထားပြီးဖြစ်ပါသောကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး၏စာကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဆက်လက်ဆောင်ရွက်နိုင်ရန် မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းထံ အကြောင်းပြန်ကြားစာ ပေးပို့ခဲ့သည်။

သို့ဖြစ်ပါ၍ ရည်ညွှန်းချက်ပါစာကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အမှုဖွင့်ထားခြင်းအား ရုပ်သိမ်းမှသာလျှင် ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ အကြောင်းပြန်ကြားစာတွင် ပါရှိသည်။

အလားတူ Eleven Media Group ၏ CEO နှင့် အယ်ဒီတာချုပ်အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှုဖွင့်ထားမှုအပေါ် ကြားဝင်စေ့စပ် ညှိနှိုင်းဖြေရှင်းပေးရန် Eleven Media Group ၏မန်နေးဂျင်း ဒါရိုက်တာက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ နိုဝင်ဘာ ၁၂ ရက်က စာရေးသား မေတ္တာရပ်ခံတောင်းဆိုခဲ့သည်။

အဆိုပါတောင်းဆိုစာတွင် Eleven Media Group မှာ ၁၆ နှစ်ကျော် သက်တမ်းအတွင်း မီဒီယာလုပ်ထုံးလုပ်နည်းနှင့် ဂျာနယ်လစ်ကျင့်ဝတ်များအတိုင်း ရှင်သန်ရပ်တည် လျှောက်လာခဲ့သည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ သို့ဖြစ်၍ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Eleven Media Group ၏ CEO နှင့် အယ်ဒီတာချုပ်တို့အပေါ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားခြင်းကို သက်ဆိုင်ရာသတင်းမီဒီယာ ဥပဒေများအတိုင်း မှန်ကန်မျှတပြီး နှစ်ဦးနှစ်ဖက်အကြား နစ်နာမှုမရှိစေရေးအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ကြားဝင်စေ့စပ် ညှိနှိုင်းဖြေရှင်းပေးနိုင်ပါရန် အလေးအနက် မေတ္တာရပ်ခံကြောင်း ရေးသားထားသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment