Friday, December 2, 2016

အရှုံးပေါ်နေသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကမှ လုပ်ဆောင်ပါက အကျိုးအမြတ်ရမည့် လုပ်ငန်းများဖြစ်နေသဖြင့် အဆိုပါလုပ်ငန်းများကို ပုဂ္ဂလိကသို့ အချိန်တိုအတွင်း လွှဲပြောင်းပေးမည်

အရှုံးပေါ်နေသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကမှလုပ်ဆောင်ပါက လုပ်ငန်းသဘာဝမှာ အရှုံးပေါ်မည့် အလားအလာမရှိဘဲ တိုးတက်အောင်မြင်မည့် လုပ်ငန်းများဖြစ်သဖြင့် အဆိုပါလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ အချိန်တိုအတွင်း လွှဲပြောင်းပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားသည်။

“နိုင်ငံပိုင်စက်ရုံတွေနဲ့ ပတ်သက်လို့ SOE တွေ SEE တွေကို ပြန်ကြည့်တော့ အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေရှိပါတယ်။ အရှုံးပေါ်နေမှုကို ပြန်ကြည့်တော့ စီမံခန့်ခွဲမှုအားနည်းတာ၊ ဆုံးဖြတ်မှုအားနည်းတာ၊ လုပ်ငန်းအပေါ်နားလည်မှု အားနည်းတာ၊ မြန်မာနိုင်ငံမှာရှိနေတဲ့ ဗျူရိုကရေစီယန္တရားကြောင့် အားနည်းတာ ဒါတွေကြောင့် အရှုံးပေါ်နေတာ အများကြီးရှိတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းတွေရဲ့ သဘာဝကြောင့် အရှုံးပေါ်နိုင်တဲ့ အနေအထားမှာမရှိဘူး။ ဒီလုပ်ငန်းတွေကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းပေးမယ်ဆိုရင် အင်မတန်မှကို တိုးတက်အောင်မြင်မယ့် လုပ်ငန်းတွေဖြစ်တယ်။ ဒီလုပ်ငန်းတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေလက်ထဲ ကာလတိုအတွင်း လွှဲပြောင်းပေးဖို့ စတင်ဆောင်ရွက်နေပါတယ်” ဟု ဦးကျော်ဝင်းက ပြောကြားသည်။


ထိုသို့ လုပ်ငန်းသဘာဝအရ တိုးတက်အောင်မြင်မည့် အလားအလာရှိနေပါလျက် အရှုံးပေါ်နေသည့် လုပ်ငန်းများကိုသာ ပုဂ္ဂလိကလုပ်ငန်းရှင်များထံ လွှဲပြောင်းပေးမည်ဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ အရှုံးပေါ်ကာ ၀န်ထုပ်ဝန်ပိုးဖြစ်စေမည့် လုပ်ငန်းများကိုမူ ပုဂ္ဂလိကလုပ်ငန်းရှင်များထံ လွှဲပြောင်းပေးမည်မဟုတ်ဘဲ အခြားနည်းဖြင့် ဖြေရှင်းမည်ဖြစ်ကြောင်း ဦးကျော်ဝင်းကဆိုသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၁၁၅ ခုနှင့် စက်ရုံခွဲများကို ဒေသကြီးကိုးခုရှိ မြို့ပြအဓိက အချက်အချာကျနေရာများတွင် တည်ဆောက်ထားပြီး ရာခိုင်နှုန်း ၄၀ အထိ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးထားသော်လည်း အစိုးရထိန်းချုပ်မှုအောက်တွင် ၅၇ ရာခိုင်နှုန်းသာ ကျန်ရှိကြောင်း အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု နှစ် (၂၀) စီမံကိန်းတွင် ဖော်ပြထားသည်။

အဆိုပါ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အများစုသည် ရန်ကုန်တွင် ၃၃ ရာခိုင်နှုန်း၊ မန္တလေးတွင် ၂၃ ရာခိုင်နှုန်းနှင့် မကွေးတွင် ၁၅ ရာခိုင်နှုန်းအထိရှိနေပြီး နိုင်ငံပိုင်စက်ရုံများ၏ ရာခိုင်နှုန်း ၄၀ ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးထားသော်လည်း ၅၄ ရာခိုင်နှုန်းသာ အစိုးရပိုင်အဖြစ် အစိုးရထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း စီမံကိန်းတွင် ဖော်ပြထားသည်။

နိုင်ငံပိုင်လုပ်ငန်းများနှင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းစာရင်းများအရ ပိုင်းခြားသတ်မှတ်ထားသည့် စက်ရုံသင်တန်းဌာနများ၏ ခြောက်ရာခိုင်နှုန်းမှာ ပဲခူး၊ မကွေး၊ ရန်ကုန်မြို့တို့တွင် အများအားဖြင့် တည်ရှိနေပြီး အဆိုပါခြောက်ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကသို့လွှဲပေးထားသည့် ရာခိုင်နှုန်း ၄၀ နှင့် အစိုးရထိန်းချုပ်မှုအောက်ရှိ ၅၄ ရာခိုင်နှုန်းပေါင်းပါက ရာခိုင်နှုန်း ၁၀၀ ဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို လက်ရှိအစိုးရလက်ထက် ဒုတိယငါးနှစ်စီမံကိန်းတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲခြင်း မဟာဗျူဟာကော်ပိုရေးရှင်းလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၀ - ၂၀၂၅ ခုနှစ် တတိယငါးနှစ် စီမံကိန်းတွင်မူ ကျန်ရှိနေသည့် စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမှု ပြုလုပ်သွားမည်ဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံပိုင်အချိုးအစားကို လျှော့ချ၍ ပုဂ္ဂလိကပိုင်အချိုးအစား ပြောင်းလဲတိုးတက်ရေး လုပ်ဆောင်နိုင်ရန်နှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး လုပ်ငန်းစဉ်များ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဒုတိယသမ္မတ (၁) ဦးဆောင်သည့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။

အဆိုပါကော်မရှင်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပြီး အစိုးရဌာနများ၊ အဖွဲ့အစည်းများမှ ပုဂ္ဂလိကပိုင်သို့ လွှဲပြောင်းဆောင်ရွက်သင့်သော လုပ်ငန်းများအား နိုင်ငံတကာတွင် ဆောင်ရွက်လေ့ရှိသည့် ရှယ်ယာခေါ်ယူခြင်း (Sharing System)၊ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း (Public - Private Partnership)၊ နိုင်ငံသားများအချင်းချင်း ပူးပေါင်းရင်းနှီးမြှုပ်နှံစေခြင်း (Private - Private Partnership)၊ အစိုးရမှ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ရောင်းချပိုင်ခွင့်၊ မူပိုင်ခွင့်များ ထုတ်ပေးခြင်း (Franchise)၊ ဖက်စပ်လုပ်ကိုင်ခြင်း (Joint Venture - JV)၊ ထုခွဲရောင်းချခြင်း (Sale) နှင့် မြို့ပြစီမံကိန်းများနှင့် မသင့်လျော်သည့် မြို့တွင်းရှိစက်ရုံ၊ အလုပ်ရုံနှင့်လုပ်ငန်းများအား အခြားသင့်လျော်သည့် လုပ်ငန်းများအဖြစ် ပြောင်းလဲခြင်းများကို လုပ်ဆောင်ရမည်ဖြစ်သည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment