Tuesday, December 20, 2016

ရန်ကုန်စီးပွားကူးသန်းရုံးမှ တစ်ဦးချင်းယာဉ်တင်သွင်းခွင့် ထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီးနောက် နေပြည်တော် စီးပွားကူးသန်းရုံးတွင် လျှာက်ထားမှုပိုမိုများပြားလာ

ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးမှ တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့်ကို ရပ်ဆိုင်းလိုက်ပြီးနောက် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတွင် ယာဉ်တင်သွင်းခွင့် လာရောက်လျှောက်ထားသူ ပိုမိုများပြားလာပြီး ဦးရေတစ်ထောင် ခန့်ရှိလာကြောင်း သိရသည်။

ယာဉ်တင်သွင်းခွင့် လျှောက်ထားရာ ရုံးဝန်းအတွင်းသို့ တစ်ဦးချင်း တန်းစီဝင်ရောက်စေရာမှ လာရောက်လျှောက်ထားသူ အလွန်များပြားပြီး တိုးဝှေ့မှုများကြောင့် နံနက် ၁၀ နာရီ ခွဲခန့်တွင် ဂိတ်တံခါးအား ဖွင့်ပေးကာ ရုံးအတွင်း ၀င်ရောက်စေခဲ့ရကြောင်း သိရသည်။
ထိုသို့ ယာဉ်တင်သွင်းခွင့် လျှောက်ထားသူ များပြားနေသော်လည်း ၀န်ကြီးဌာနမှ မှတ်ပုံတင် အတု၊ အိမ်ထောင်စုစာရင်းအတု စစ်ဆေးခြင်းနှင့် ကုမ္ပဏီအချို့က အခကြေးငွေပေးကာ မှတ်ပုံတင်ငှားရမ်းပြီး ယာဉ်တင်သွင်း လိုခြင်းများရှိနေသည့်အပေါ် စိစစ်မှုများ ပြုလုပ်ရာတွင် ကြန့်ကြာမှုများရှိနေကြောင်း၊ ယခုထက် ပိုမိုမြန်ဆန်စွာ စိစစ်ပေးစေလိုကြောင်း လာရောက်လျှောက်ထားသူများက ပြောကြားသည်။
မန္တလေးမြို့မှ ယာဉ်တင်သွင်းခွင့် ကိုယ်တိုင်လာရောက်လျှောက် ထားသူဦးမြတ်မင်းက “ကျွန်တော်က ရုံးကို နံနက် ၆ နာရီကတည်းက ရောက်နေတာ။ ဟိုးအနောက်မှာ အကြာကြီးပဲ။ သူတို့လုပ်တာက လိုအပ်ချက်တွေ ရှိနေပါတယ်။ သူတို့လုပ်နိုင်တဲ့ အတိုင်းအတာ တစ်ခုကိုဖြတ်လိုက်ပေါ့။ တစ်ရက်ကို အယောက် ၁၀၀ ဖြတ်မယ်ဆို အယောက် ၁၀၀ သတ်မှတ်ပြီး လုပ်ပေးလိုက်။ နောက်က လူတွေကို တိုကင်ပေးရင် ပေးပြီးပြန်လွှတ်လိုက်၊ ဘယ်ရက်မှာ ပြန်လာဆိုပြီးခိုင်းလိုက်၊ ဒါမှမဟုတ်လည်း တခြားတစ်ခုခုစီစဉ်လိုက်ပေါ့။ အခုက ဘာတွေမှန်းကိုမသိဘူး” ဟု ပြောကြားသည်။
ထို့အတူ မော်တော်ယာဉ်တင်သွင်းသည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက “အခုက ပထမသန်းခေါင်စာရင်း၊ မှတ်ပုံတင်အတုတွေနဲ့ လုပ်တယ်ဆိုပြီး သူတို့တွေစစ်တယ်။ နောက်ပိုင်းကျ အစစ်တွေကျတော့လည်း လူကိုယ်တိုင် လာရမယ်လို့ လုပ်တယ်။ လူကိုယ်တိုင်လာတော့ အများကြီးဖြစ်သွားတယ်။ အဲဒီအထဲမှာ ကိုယ်တိုင်တင်သွင်းတဲ့သူတွေရော အကျိုးဆောင်တွေရော၊ အကျိုးဆောင် ကိုယ်စားတင်သွင်းသူဆိုပြီး သူတို့က ခွဲခြားစိစစ်ပေးတာ မရှိဘူး။ အကုန်လုံးဒီအထဲမှာပဲ။ လူတွေကလည်း အရမ်းများတယ် ပွင့်ပွင့်လင်းလင်း ပြောရရင် တစ်နေ့လုံးမှာမှ အယောက် ၂၀၊ ၃၀ လောက်ထွက်တာ။ လူအုပ်က ၁၀၀၀ လောက်ရှိတယ်။ အဲဒီ တစ်ထောင်လောက်ကို ပါမစ်ထုတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လာနေတဲ့ သူတွေက လ၀ကကလည်း စစ်ပြီးသား မှတ်ပုံတင် သန်းခေါင်းစာရင်း အစစ်တွေဖြစ်ပြီ အဲဒါတွေကိုရော ဘယ်လိုခွဲခြားစိစစ်ပေးမလဲ။ ဖြစ်စေချင်တာက မြန်မြန်လေး စိစစ်စေချင်တယ်။  ဒီထက် မြန်မြန်စိစစ်စေချင်ပါတယ်” ဟု ပြောကြားသည်။
ထိုသို့ လာရောက်လျှောက်ထားသူများ ပြားလာသော်လည်း လက်ရှိအနေအထား အတိုင်းသာ တင်သွင်းခွင့်ကို စိစစ်ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ အခြားအစီအစဉ်ဖြင့် ပြောင်းလဲစိစစ်ပေးရန် အထက်တာဝန်ရှိသူများက ညွှန်ကြားခြင်း မရှိသေးကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။
စီးပွားကူးသန်းဝန်ကြီးဌာနမှ မော်တော်ယာဉ် တင်သွင်းခွင့်နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၃ ရက် နောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် မူဝါဒအသစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။   
Credit To >>> Eleven Media Group
                     

0 comments:

Post a Comment