Wednesday, November 30, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ယနေ့ သွားရောက်မည်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ယနေ့ နိုဝင်ဘာ ၃၀ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ စင်ကာပူသို့ သွားရောက်မည်ဖြစ်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။


“ဟုတ်ပါတယ်။ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အထိသွားမှာပါ။ ခရီးစဉ် အသေးစိတ်ကိုတော့ လုံခြုံရေးအခြေအနေရ မပြောနိုင်သေးပါဘူး” ဟု ဦးဇော်ဌေးက ပြောကြားသည်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၃၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား စင်ကာပူနိုင်ငံ ၀န်ကြီးချုပ် မစ္စတာလီရှန်လွန်းက တရားဝင် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုမည်ဖြစ်ပြီး ညစာဖြင့် တည့်ခင်းဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူနိုင်ငံဝန်ကြီးချုပ်တို့သည် Asian Civilisatioins ပြတိုက်၌ သုံးလကြာ ကျင်းပမည့် မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ အထူးဧည့်သည်တော်များ အဖြစ် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ ဂုဏ်ထူးဆောင်အကြီးတန်း ၀န်ကြီး ဂိုချောက်တောင်နှင့် ဒုတိယ၀န်ကြီးချုပ် Toe Chee Hean တို့အား သီးခြားစီတွေ့ဆုံမည်ဖြစ်ပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကလည်း နံနက်စာဖြင့် တည့်ခင်း ဧည့်ခံမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် သုံးရက်ကြာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူရုက္ခဗေဒ ဥယျာဉ်သို့ သွားရောက်မည်ဖြစ်ပြီး ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များကို ရိုးရာအရ ဂုဏ်ပြုသည့်အနေဖြင့် သစ်ခွပန်းအမည်ကို ဒေါ်အောင်ဆန်းစုကြည် အမည်ပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါလာမည် ဖြစ်ကြောင်းလည်း စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် ဒီဇင်ဘာ ၁ ရက်သည် မြန်မာ-စင်ကာပူ နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်အရ နှစ်နိုင်ငံ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ အနေဖြင့် မြန်မာ-စင်ကာပူ နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာမလိုအပ်ဘဲ ရက်ပေါင်း ၃၀ သွားလာနေထိုင်ခွင့် စတင်ရရှိမည့်နေ့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲကို ဒီဇင်ဘာ ၁ ရက် ည ၈ နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံ ပွဲကို Myanmar Club (Singapore) က ဦးဆောင်၍ Mega Box, Convention Centre (Big Box) တွင်ပြုလုပ်မည်ဖြစ်ပြီး တက်ရောက်လိုသူများ အနေဖြင့် စင်ကာပူ ၁၅ ဒေါ်လာ စာရင်းသွင်းကြေးပေး သွင်းရမည်ဖြစ်ကာ စာရင်းသွင်းမှတ်ပုံတင်ထားသူ ၆၀၀၀ ကျော် ရှိကြောင်း သိရသည်။

Credit To >>> Eleven Media Group



0 comments:

Post a Comment