Wednesday, August 17, 2016

ကူးစက်ရောဂါ ဖြစ်ပွားနေသော နာဂဒေသသို့ အကူအညီများပေးရန် SWISSAID နှင့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ၀င်ခွင့်တောင်းခံခဲ့သော်လည်း အစိုးရက ခွင့်မပြု


ကူးစက်ရောဂါ ဖြစ်ပွားနေသော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းများဖြစ်သည့် SWISSAID နှင့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က အကူအညီများပေးရန် ၀င်ခွင့်တောင်းခံခဲ့သော်လည်း အစိုးရမှ ခွင့်မပြုကြောင်း သြဂုတ် ၁၆ ရက်က Orchid Hotel တွင် ကျင်းပခဲ့သည့် ‘နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ပွားနေသော ကူးစက်ရောဂါ အခြေအနေ၊ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့မှု အခက်အခဲ ကြုံတွေ့နေရခြင်းနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ’ တွင် ပြောကြားသည်။
လက်ရှိ ကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိသည့် နာဂဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ် စားနပ်ရိက္ခာ ခေါင်းပါးခြင်း ဘေးဒဏ်ကို ကြုံတွေ့ရလေ့ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှု အားနည်းခြင်း၊ အရေးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းများ အချိန်မီ သယ်ယူပို့ဆောင်နိုင်သည့် စနစ်မရှိခြင်း၊ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက် ဖြန့်ဝေနိုင်သည့် စနစ်မရှိခြင်း၊ အောက်ခြေအဆင့်တွင် အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးအတွက် စနစ်တကျ ဖွဲ့စည်းလုပ်ဆောင်သည့် ယန္တရားမရှိခြင်း၊ ကူညီကယ်ဆယ်ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ပေးရန် ထိထိရောက်ရောက် ကူညီပေးနိုင်မှု မရှိခြင်းများ လက်ရှိ ကြုံတွေ့နေရကြောင်းနှင့် နာဂဒေသတွင် ကူးစက်ရောဂါများ ဖြစ်ပွားနေခြင်းကြောင့် နာဂဒေသ နန်းယွန်းမြို့နယ်နှင့် လဟယ်မြို့နယ်ရှိ ရွာပေါင်း ၁၅ ရွာတွင် သေဆုံးသူဦးရေ ၄၂ ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ နာဂဒေသမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်လို့ NGO တွေ INGO တွေက နာဂဒေသကို လာလုပ်ရင် အဆင်ပြေမလားလို့ ပြောတယ်။ SWISSAID က ကျွန်တော်တို့ကို ကူညီချင်နေတယ်။ နာဂဒေသကို လာချင်နေတယ်။ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က လာဖို့အတွက် အဆင်သင့် ပြင်ဆင်နေတယ်။ ဒါပေမဲ့ အစိုးရက ၀င်ခွင့်မပေးဘူး။  ဒါတွေကိုပြောတဲ့အခါ ခင်ဗျားတို့ အဆင်သင့် စောင့်နေပါ။ ငါတို့လိုလို့ရှိရင် ခေါ်မယ်လို့ပြောတယ်။ ဒီမှာ ကျွန်တော်ပြောချင်တာက အစိုးရအဖွဲ့က ပေးရမယ့်အရာက ဘာလဲဆိုတော့ ခွင့်ပြုမိန့်ပဲ ဖြစ်တယ်။ ကျန်တဲ့အရာတွေ အားလုံးက အရပ်ဘက် အဖွဲ့ အစည်းတွေ ကြိုးစားပြီး ၀ိုင်းလုပ်သွားလို့ရှိရင် သူ့ဟာနဲ့သူ အတိုင်းအတာ တစ်ခုအထိ ကူညီလုပ်သွားလို့ ရနိုင်မယ်လို့ ကျွန်တော်တို့ ထင်တယ်။ လက်ရှိအနေအထားမှာ ကျွန်တော်တို့ ဘာဆက်လုပ်သွားမလဲ ဆိုတော့ ကျွန်တော်တို့ နိုင်တဲ့ဘက်ကနေ ရသမျှနည်းလမ်း အကုန်လုံး သုံးပြီးတော့ ဆက်ပြီးကျွန်တော်တို့ ကြိုးစား ဆောင်ရွက်သွားမယ်။ ဒီအနေအထား တစ်ခုမှာ ကျွန်တော်တို့ရှိနေတဲ့ မိတ်ဆွေတွေ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဆက်လုပ်သွားမယ်။ စားနပ်ရိက္ခာတွေနဲ့ အာဟာရဖြည့်စွက် အစားအစာတွေကို အမြန်ဆုံး ပို့နိုင်ဖို့ ရနိုင်မယ့် နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားလုပ်သွားဖို့ ရှိပါတယ်” ဟု နာဂအမျိုးသားရေးရာကောင်စီမှ ဦးနော်အောင်ဆန်းက ပြောကြားသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် အဓိကအားဖြင့် နာဂဒေသသို့ အရေးပေါ် တုံ့ပြန်ရေး အစီအစဉ်များ အမြန်ဆုံး လုပ်ဆောင်ပေးရန်၊ မြန်ဆန်ထိရောက်သည့် သယ်ယူပို့ဆောင်ရေး စနစ်များ ဖန်တီးပေးရန်၊ ကျန်းမာရေး ဆေးအဖွဲ့များ ရွာများသို့ အမြန်ဆုံး ရောက်နိုင်အောင် ကူညီပေးရန် တောင်းဆိုခဲ့ပြီး အခြားအချက်များ ပါဝင်သည့် တောင်းဆိုချက်များကိုလည်း သဘောထား ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန် တောင်းဆိုခဲ့ကြောင်း သိရသည်။

သဘောထား ထုတ်ပြန်ချက်တွင် အစိုးရအနေဖြင့် နာဂဒေသရှိ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လာရေးအတွက် အစိုးရမှ လက်ရှိ ကူးစက်ရောဂါဖြစ်ပွားနေသော နာဂဒေသရှိ ကျေးရွာများတွင် အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ အစိုးရမှ ဦးဆောင်၍ ရောဂါဖြစ်ပွားနေသည့် ကျေးရွာများတွင် အဓိက (အရေးပေါ်) လိုအပ်လျက်ရှိသည့် အစာအာဟာရနှင့် ဆေးဝါးများ အချိန်မီ ထောက်ပံ့ပေးနိုင်ရေးအတွက် ကြုံတွေ့နေရသည့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲကို ဖြေရှင်းပေးရန် (ဥပမာ- ရဟတ်ယာဉ်များ အသုံးပြုနိုင်ရေး ညှိနှိုင်းစီစဉ်ပေးခြင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် အစိုးရဌာနများ အနေဖြင့် အကူအညီပေးရန် အဆင်သင့် စောင့်ဆိုင်းနေသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူသားချင်းစာနာသည့် အထောက်အပံ့ ပေးနိုင်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန် ယင်းသတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုခဲ့ကြောင်း သိရသည်။

လက်ရှိ နာဂဒေသတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်း၊ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု အားနည်းခြင်း၊ ကျန်းမာရေးဝန်ထမ်းများ မရှိခြင်း၊ ကျေးလက်ဆေးပေးခန်းများ မရှိသလောက် နည်းပါးခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ လုံလောက်မှု မရှိခြင်း၊ ကျန်းမာရေး အသိပညာပေးမှု အလွန်အားနည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်း အလွန်ခက်ခဲခြင်းများကြောင့် ယခုကဲ့သို့ ရောဂါများ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment