Tuesday, August 16, 2016

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှ ကျပ်သန်းပေါင်း ခုနစ်သောင်းကျော် ရရှိ

ယခုဘဏ္ဍာနှစ် ပထမ လေးလပတ်တွင် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုမှ ကျပ် သန်းပေါင်း ၇၉၃၇၈ ဒသမ ၆၅၂ ရရှိခဲ့ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
နိုင်ငံသား ရင်းနှီး မြှုပ်နှံမှုတွင် လုပ်ငန်းပေါင်း ကိုးခုကို လုပ်ကိုင်ခွင့် ပေးခဲ့ပြီး စက်မှုလုပ်ငန်းမှာ ရင်းနှီး မြှုပ်နှံမှု အများဆုံး ဖြစ်ကြောင်း၊ အိမ်ရာ အဆောက်အအုံ တည်ဆောက်ခြင်းနှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများမှာ ဒုတိယ အများဆုံး ရင်းနှီး မြှုပ်နှံကြကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
“မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကနေ အလုပ်အကိုင်ပေါင်း တစ်ထောင့် ခုနစ်ရာကျော် ရရှိပါတယ်။ လက်ရှိမှာလည်း ကျန်တဲ့နိုင်ငံသား၊ နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှုတွေ ခွင့်ပြုပေးဖို့ စိစစ်နေပါတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ပြည်တွင်း ပြည်ပ လုပ်ငန်းပေါင်း ၂၂ ခုကို ခွင့်ပြုခဲ့ပြီး ရင်းနှီး မြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာသန်း ၄ဝဝ ကျော် ခွင့်ပြုခဲ့ကြောင်း၊ နောက်ထပ် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း စုစုပေါင်း ၉ဝ နီးပါး ခွင့်ပြုရန် ကျန်ရှိနေသေးကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနထံမှ သိရသည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အမေရိကန် ဒေါ်လာ ရှစ်ဘီလီယံ ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး ပြီးခဲ့သော နှစ်များတွင် ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများသည် စက်မှု လုပ်ငန်းများ၊ စွမ်းအင်နှင့် သတ္တု တူးဖော်ရေး လုပ်ငန်းများသာ အများဆုံး ဝင်ရောက်ခဲ့ကာ လယ်ယာ စိုက်ပျိုးနှင့် မွေးမြူရေး၊ ရေလုပ်ငန်း ကဏ္ဍတို့တွင် ရာခိုင်နှုန်း အနည်းငယ်သာ ဝင်ရောက်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment