Tuesday, August 16, 2016

ဟိုတယ်လိုင်စင်ဆိုင်ရာ စည်းကမ်းချက်များကို ဖောက်ဖျက်ခဲ့သည့် အတွက် ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရိုးရိုးလေး ဟိုတယ်၏ လုပ်ငန်းလိုင်စင် ဥပဒေအရ ပယ်ဖျက်ခံရ


မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တည်ရှိရာ ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရိုးရိုးလေး ဟိုတယ်မှ ဟိုတယ်လိုင်စင်ဆိုင်ရာ စည်းကမ်းချက်များကို ဖောက်ဖျက်ခဲ့သည့်အတွက် ရိုးရိုးလေး ဟိုတယ်၏ လုပ်ငန်းလိုင်စင်အား ဥပဒေအရ ပယ်ဖျက်ခဲ့ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဒုတိယ ညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။
ရိုးရိုးလေး ဟိုတယ်သည် ဟိုတယ်၏ မူလအဆောင်အား ပြင်ဆင်ခြင်း၊ အဆောင် (၂) ဆောင် ထပ်မံတိုးချဲ့ဆောက်လုပ်ပြီး အိပ်ခန်း ၂၄၁ ခန်းအထိ တိုးချဲ့ထားသဖြင့် ဟိုတယ်အား လိုင်စင်တွင် ခွင့်ပြုထားသော အိပ်ခန်းများထက် ၁၀၆ ခန်း ပိုမိုဖွင့်လှစ်ခဲ့ကြောင်း၊ ရိုးရိုးလေး ဟိုတယ်အား လိုင်စင်ခွင့်ပြုပေးခဲ့ရာတွင် အဆောင် (၁) မှ (၅) အထိ အဆောက်အအုံများ၏ အမြင့်မှာ ပေ ၃၀ သာ ရှိခဲ့ကြောင်း၊ ဟိုတယ်အနေဖြင့် အခန်းများ တိုးချဲ့ခဲ့ရာတွင် မူလအဆောင်များ၏ အထပ်အမြင့်များကို ပြင်ဆင်ခြင်း၊ အဆောင်အမှတ် (၆) နှင့် (၇) ကို အသစ် ဆောက်လုပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ထိုသို့ ဆောက်လုပ်ခြင်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနသို့ တင်ပြခွင့်ပြုချက် ရယူခဲ့ခြင်း မရှိသဖြင့် ၀န်ကြီးဌာန အနေဖြင့် ကြိုတင်စိစစ်နိုင်ခြင်း မရှိခဲ့သည့်အတွက် အဆောင်အမှတ် (၅) မှာ အမြင့်ပေ ၄၀ နှင့် အဆောင်အမှတ် (၆) မှာ အမြင့်ပေ  ၅၀ ရှိသော အန္တရာယ် ရှိနိုင်သည့် အထပ်မြင့် အဆောက်အအုံများ ဖြစ်နေကြောင်း၊ ဟိုတယ်အခန်းများ တိုးချဲ့ တည်ဆောက် ဖွင့်လှစ်ခြင်းကို ၀န်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြခဲ့ခြင်း မရှိ၍ လိုင်စင်ဆိုင်ရာ စည်းကမ်းကို ဖောက်ဖျက်ခဲ့သည့် အတွက် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ ပုဒ်မ ၂၅ (က) ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရ၍ အရေးယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဒုတိယ ညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောကြားသည်။

“ဇွန် ၂၇ ရက်က နေပြည်တော်မှာရှိတဲ့ ယဉ်ကျေးမှုနှင့် သာသနာရေး ၀န်ကြီးဌာနရုံးမှာ ပြုလုပ်ခဲ့တဲ့ ကျိုက်ထီးရိုး စေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲမှာ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ထားတဲ့ ဟိုတယ်အခန်း ၁၀၆ ခန်းအား တစ်လအတွင်း ဖျက်သိမ်းရန်ဆိုတဲ့ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ လုပ်ငန်းရှင်ထံကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (မော်လမြိုင်) ရုံးခွဲကနေ ဇူလိုင် ၈ရက်က အသိပေး အကြောင်းကြားခဲ့ပါတယ်။ သို့သော်လည်း လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ ပုဒ်မ ၁၉ (က) အရ ရိုးရိုးလေး ဟိုတယ်ရဲ့ လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သြဂုတ် ၁၁ ရက် ကစပြီး ရိုးရိုးလေးဟိုတယ်ရဲ့ လုပ်ငန်းလိုင်စင် အမှတ် (ဟ-၁၇၅၈) (၁၃၅) ခန်းကို ပယ်ဖျက်လိုက်ကြောင်းကိုလည်း လုပ်ငန်းရှင်ကို အသိပေး အကြောင်းကြားပြီး ဖြစ်ပါတယ်” ဟု ဦးဟောက်ကျန်မုန်က ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဟိုတယ်အပိုင်းကတော့ အားလုံး ပယ်ဖျက်လိုက်ပြီ။ တည်းခိုခန်း အပိုင်းကတော့ စည်ပင်က အပိုင်းဖြစ်သွားပြီ။ လောလောဆယ် ဟိုတယ်လုပ်ငန်း လိုင်စင် ပယ်ဖျက်လိုက်ပြီး ဖြစ်တဲ့အတွက် ကျွန်တော်တို့ အပိုင်းပြီးသွားပြီ။ ကျန်တဲ့ အပိုင်းကတော့ ပြည်နယ်အစိုးရ အနေနဲ့ ဘယ်လို စီမံဆောင်ရွက်မလဲ ဆိုတာကိုတော့ မပြောတတ်ဘူး” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ ပုဒ်မ ၁၉ တွင် (က) လိုင်စင်စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ (ခ) ဦးစီးဌာန၏ ခွင့်ပြုချက်မရဘဲ လုပ်ငန်းကို လွှဲပြောင်း လုပ်ကိုင်စေခြင်း။ (ဂ) လိုင်စင်ကို လွှဲပြောင်း ရောင်းချခြင်းစသည့် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်လျှင် ဦးစီးဌာနအနေဖြင့် လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း (သို့ မဟုတ်) လိုင်စင်အား ပယ်ဖျက်ခြင်းကို ပြုနိုင်သည်ဟု ပါရှိသည်။ 
Credit To >>> Eleven Media Group

0 comments:

Post a Comment