Wednesday, August 17, 2016

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကုမ္ပဏီများမှ ဆီအုန်းစိုက်ပျိုးရန် ဧက ၁၀ သိန်းကျော် ရယူထားသော်လည်း လက်တွေ့တွင် ဧကသုံးသိန်းကျော်သာ စိုက်ပျိုးထားသည့်အတွက် အမှန်တကယ် စိုက်ပျိုးထားခြင်း မရှိသည့် မြေများကို ပြန်လည် သိမ်းယူသွားမည်ဟုဆို


တနင်္သာရီတိုင်း ဒေသကြီးအတွင်း ကုမ္ပဏီများမှ ဆီအုန်းစိုက်ပျိုးရန် ဧက ၁၀ သိန်းကျော် ရယူထားသော်လည်း လက်တွေ့တွင် ဧက သုံးသိန်းကျော်သာ စိုက်ပျိုးထားသည့် အတွက် ဆီအုန်းစိုက်ပျိုးရန် ရယူထားသည့် မြေများအား သတ်မှတ်ချက်အတိုင်း ပြည့်မီအောင် စိုက်ပျိုးနိုင်ခြင်း ရှိ မရှိ ပြန်လည် စိစစ်သွားမည်ဖြစ်ပြီး အမှန်တကယ် စိုက်ပျိုးထားခြင်း မရှိသည့်မြေများကို ပြန်လည် သိမ်းယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောကြားသည်။
တိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင်များတွင် ယခင်အစိုးရများ လက်ထက်က ကုမ္ပဏီ ၄၄ ခုမှ ဆီအုန်း စိုက်ပျိုးရန်မြေ  ၉၉၃၁၇၂ ဧက အထိ ရယူထားခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇွန်လကုန်အထိ စိုက်ပျိုးရေးဦးစီးဌာနက နောက်ဆုံး ရရှိထားသည့် စာရင်းများအရ မြေဧက ၃၆၂၆၀၇ ဧကသာ စိုက်ပျိုးထားခဲ့ပြီး ဧက ၆၃၀၅၆၅ စိုက်ပျိုးရန် ကျန်ရှိနေကြောင်း၊ ထို့ကြောင့် ဆီအုန်းစိုက်ပျိုးရန် မြေဧကများစွာ ရယူထားသည့် ကုမ္ပဏီများ၏ စိုက်ကွင်းများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများ ပါဝင်သော ဌာနပေါင်းစုံအဖွဲ့ဖြင့် သွားရောက်ကာ ရယူထားသည့် မြေဧကအတိုင်း ပြည့်မီအောင် စိုက်ပျိုးထားခြင်း ရှိ မရှိနှင့် စိုက်ပျိုးထားခြင်း မရှိသည့်မြေများကို စာရင်းကောက်ယူကာ ဥပဒေအရ ပြန်လည်သိမ်းဆည်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီတွေက ဆီအုန်းစိုက်ဖို့ ဧကအများကြီး ယူထားကြပေမယ့် ပြည့်အောင်မစိုက်နိုင်ကြဘူး။ ဒါတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ၀န်ကြီးတွေနဲ့ စိုက်ပျိုးရေး၊ မြေစာရင်းစတဲ့ အဖွဲ့စုံနဲ့ ကွင်းဆင်းစစ်ဆေးမှာပါ။ FFI ကိုလည်း အကူအညီ တောင်းထားတယ်။ ဌာနက စစ်ဆေးတွေ့ရှိချက်နဲ့ FFI ဘက်က တွေ့ရှိချက် အဖြေနှစ်ခုကိုကြည့်ပြီး ဆီအုန်းစိုက်ဧကတွေကို တိုက်ဆိုင်စစ်ဆေးမှာပါ။ စစ်ပြီးရင်လည်း တိတိကျကျ ဆောင်ရွက်သွားဖို့ လိုတယ်။ ပထမဆုံးအနေနဲ့  ဒေသခံတွေနဲ့ ပြ ဿနာဖြစ်နေတဲ့ ဆီအုန်းခြံတွေကို ၀င်ရောက် စစ်ဆေးဖြစ်မယ်။ စစ်ဘေးကြောင့် ထွက်ပြေးခဲ့တဲ့ ဒေသခံရွာပုန်းရွာရှောင်တွေက ကုမ္ပဏီကနေ ယူထားတဲ့မြေထဲက သူတို့ရဲ့ အရင်ရွာဟောင်းမှာ ပြန်လာနေတာရှိတယ်။ ဒေသခံတွေရဲ့ စိုက်ပျိုးမြေတွေ ပါသွားတာလည်း ရှိတယ်။ ကုမ္ပဏီအချို့က အပြောင်ရှင်းစနစ်နဲ့ တောတွေကို ရှင်းလိုက်ပြီးမှ မစိုက်ကြတာ ရှိတယ်။ မြေတွေအများကြီးယူပြီး တောတွေအပြောင်ရှင်းတော့ မစိုက်ဘဲ ပစ်ထားမယ်ဆိုရင် တောတွေပိုထိခိုက်တယ်။ ရာသီဥတုလည်း ပျက်တယ်။ တောတောင်တွေခုတ်တာ ဆီအုန်းက အဆိုးဆုံးပဲ။ အပြောင်ရှင်း စနစ်က မစိုက်ခင် အကုန်လုံး ပြောင်အောင်ရှင်းပြီးမှ လိုသလောက်ပဲ စိုက်တော့ပိုဆိုးတယ်။ အရင် အစိုးရတွေ လက်ထက်က စာချုပ်မှာ အပြောင်ရှင်းစနစ်နဲ့ ပေးခဲ့တာရှိတော့ အဆိုးဆုံးပဲ။ စိုက်မယ့်ပျိုးပင်ကို အဆင်သင့် မလုပ်ထားဘဲ တောတွေကို အကုန်ရှင်းခဲ့တာ” ဟု တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောကြားသည်။

ဆီအုန်းစိုက်ပျိုးသူ ကုမ္ပဏီများမှာ နိုင်ငံ၏ စားသုံးဆီ လိုအပ်မှုကို ဖြည့်တင်းနိုင်ရန် စိုက်ပျိုးသည်ကို လက်ခံသော်လည်း စိုက်ပျိုးသည့် ဒေသမှဒေသခံများနှင့် ပြေလည်စွာ ဆက်ဆံရန်နှင့် ဒေသခံများ၏ လူမှုဘ၀ကို တိုးတက်စေရန် ဆောင်ရွက်ပေးဖို့လိုကြောင်း၊ ဆီအုန်းစိုက်ခင်းများကို ပြန်လည်စိစစ်ရာ၌ စာချုပ်ပါ စည်းကမ်းချက်များနှင့် ခွင့်ပြုချက်များကို ကြည့်ရှုကာ စိုက်ပျိုးရန် ကျန်ရှိနေသည့် မြေများအား စာချုပ်ပါ စည်းကမ်းအတိုင်း ခွင့်ပြုသည့်နေ့မှ လေးနှစ်အတွင်း စိုက်ပျိုးနိုင်ခြင်း မရှိသည့်မြေများကို ကုမ္ပဏီအနေဖြင့်မည်သို့ ဆက်လက်ဆောင်ရွက်သွားမည့်အပေါ် ဖြေရှင်းချက် တောင်းခံပြီး တွေ့ရှိချက်အားတိုင်း ဒေသကြီးအစိုးရအဖွဲ့ ကက်ဘိနက် အစည်းအဝေး၌ တင်ပြ၍ ဥပဒေအရဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကာ ကက်ဘိနက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆီအုန်းစိုက်ပျိုးခြင်း မရှိဘဲ ကျန်ရှိနေသည့် မြေများကို သိမ်းဆည်းမည်ဆိုပါက ပြန်လည် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း၊ ဆီအုန်းစိုက်ပျိုးရန် အတွက် ချထားပေးသည့်မြေများမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချထားပေးခြင်း အပြင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ချထားပေးခြင်းများလည်း ရှိသောကြောင့် ပြည်ထောင်စုအစိုးရမှ ချထားပေးသော မြေများအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကက်ဘိနက် အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များကို ပြည်ထောင်စုအစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း ဦးမြင့်စန်းက ဆက်လက်ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဇွန်လကုန်အထိ ဆီအုန်းစိုက်ပျိုးထားမှု အနေဖြင့် ထားဝယ်ခရိုင်တွင် ၁၇၀၀၁ ဧက၊ မြိတ်ခရိုင်တွင် ၅၁၇၁၀ ဧကနှင့် ကော့သောင်းခရိုင်တွင် ၂၉၃၈၉၆ ဧကရှိပြီး စုစုပေါင်း ၃၆၂၆၀၇ ဧက စိုက်ပျိုးပြီးဖြစ်ကာ တိုင်းဒေသကြီး တစ်ခုလုံး၌ ဆီအုန်းစိုက်ပျိုးရန် ရယူထားသည့် မြေဧကနှင့် နှိုင်းယှဉ်ပါက ၃၆ ဒသမ ၅၁ ရာခိုင်နှုန်းသာ စိုက်ပျိုးထားနိုင်ခဲ့ခြင်းကြောင်း၊ ကုမ္ပဏီများ အနေဖြင့် ဆီအုန်းစိုက်ပျိုးရန် မြေများကို နှစ် ၃၀ မြေငှားရမ်းခွင့်ဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ခွင့်ပြုချက် ရရှိသည့်နေ့မှ လေးနှစ်အတွင်း ရယူထားသည့် မြေများ၌ဆီအုန်း စိုက်ခင်းအပြည့် စိုက်ပျိုးရမည်ဟု စည်းကမ်းချက် ပါဝင်ကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment