Friday, August 19, 2016

ချင်းတွင်းမြစ်ရေ သတ္တုအဆိပ် ပါဝင်မှုနှုန်းများ

ချင်းတွင်းမြစ်ရေကို ရေနည်းချိန် ကာလ ဖြစ်သည့် အောက်တိုဘာနှင့် စက်တင်ဘာလများက စမ်းသပ် တိုင်းတာ ဓာတ်ခွဲခဲ့မှုအရ သတ္တုအဆိပ် ပါဝင်မှုနှုန်း များနေပြီး သောက်ရေအဖြစ် တိုက်ရိုက် အသုံးပြုရန် မသင့်ကြောင်း တွေ့ရှိခဲ့ရသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ထိန်းသိမ်းရေး ဦးစီးဌာနမှ တိုင်းမန်နေဂျာ ဦးဘုန်းကျော်စိန်က ပြောကြားသည်။
ချင်းတွင်းမြစ်ရေကို ဓာတ်ခွဲ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည့် SEI နှင့် MEI အဖွဲ့၏ ရေအရည်အသွေး စစ်ဆေးချက်နှင့် တိုင်းတာမှုကို ထုတ်ပြန်ထားသည့် အစီရင်ခံစာအပေါ် အခြေခံ၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
အဆိုပါ အဖွဲ့များသည် ဟုမ္မလင်းမြို့မှစ၍ မြစ်ကြောင်း တစ်လျှောက်ရှိ ဖောင်းပြင်၊ မော်လိုက်၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့အနီးရှိ ချင်းတွင်းမြစ်ရေကို စမ်းသပ်ခဲ့သည့် အစီရင်ခံစာအရ ချင်းတွင်းမြစ်ရေသည် နောက်ကျိခြင်း၊ ဗက်တီးရီးယားပိုးများ ပါဝင်နေခြင်း၊ သံဓာတ်ပါဝင်မှု များခြင်း၊ မာကျူရီဓာတ်များ ပါဝင်နေသည်ကို တွေ့ရှိ ရပြီး မုံရွာမြို့အနီးရှိ ချင်းတွင်းမြစ်ရေသည် ကော့ပါးဓာတ်ပါ ပါဝင်နေကြောင်း တွေ့ရှိ ရသည့်အတွက် ချင်းတွင်းမြစ်ရေသည် သောက်သုံးရန် မသင့်သည့် ရေ ဖြစ်ကြောင်း ဦးဘုန်းကျော်စိန်က ရှင်းပြသည်။ 
''အရမ်း စိုးရိမ်ရတဲ့ အနေအထားတော့ မဟုတ်ဘူး။ သတ္တုအဆိပ် ပါဝင်နှုန်း များနေတဲ့အတွက် သောက်သုံးဖို့လည်း မသင့်ဘူး။ ဒါနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပညာ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာ အုပ်ချုပ်သူတွေကနေ တစ်ဆင့် ပြည်သူတွေဆီ အသိပညာပေး လုပ်ငန်းတွေ ဆက်တိုက် လုပ်သွားမှာပါ''ဟု ၎င်းကဆိုသည်။ 
ချင်းတွင်းမြစ်သည် မြန်မာ - အိန္ဒိယ နယ်စပ် ပတ်ကွိုင်းတောင်တန်းနှင့် ကူးမွန် တောင်တန်းများမှ နေ၍ မြစ်ဖျားခံ စီးဆင်း ခဲ့ကာ ၇၅ဝ မိုင် ရှည်လျားသည့် မြစ်တစ်စင်း ဖြစ်သည်။
ချင်းတွင်းမြစ်ဖျားပိုင်းတွင် ကျောက်စိမ်း၊ ရွှေနှင့် အခြား အဖိုးတန် ရတနားများ တူးဖော် ရရှိနိုင်သည့်အတွက် စက်ယန္တရားကြီးများ အသုံးပြု၍ တူးဖော်ကြရမှာ ထွက်ပေါ်လာသည့် စွန့်ပစ် ပစ္စည်းများကို မြစ်အတွင်း စွန့်ပစ်ကြကြောင်း၊ ယင်းကြောင့် သောက်သုံးရေ အဖြစ် အသုံး မပြုနိုင်တော့ခြင်းဖြစ်ကြောင်း ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်တွင် နေထိုင်သည့် ဒေသခံများထံမှ သိရသည်။ 
Credit To >>> The Voice Weekly

0 comments:

Post a Comment