Friday, August 19, 2016

တိုက်ပွဲများကို အပြန်အလှန်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးရန် ဆန္ဒရှိဟု ကိုးကန့်၊ တအာင်းနှင့် AA တို့ ထုတ်ပြန်

တပ်မတော်နှင့် လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကို အပြန်အလှန် ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးရန် ဆန္ဒရှိကြောင်း ကိုးကန့်၊ တအာင်းနှင့် ရခိုင်(AA) လက်နက်ကိုင် သုံးဖွဲ့တို့က ပူးတွဲကြေညာချက် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး လုပ်ဆောင်နေသော ပြည်တွင်းငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ရန် အဆင်သင့်ဖြစ်ပြီး တပ်မတော်နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အပြန်အလှန် ရပ်စဲရန် ဆန္ဒရှိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ထုတ်ပြန်ချက်ကို သြဂုတ် လ ၁၈ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ရောက်ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် အဖြေရှာရန် ဆန္ဒရှိကြောင်းလည်း ယင်းလက်နက်ကိုင် သုံးဖွဲ့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လာမည့် သြဂုတ်လ ၃၁ရက်နေ့တွင် ကျင်းပမည့် ၂၁ရာစု ပင်လုံညီလာခံကို တက်ရောက်ရန်လည်း ယင်းလက်နက်ကိုင် အဖွဲ့များအနေနှင့် အဆင်သင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့တွင် အစိုးရဖွဲ့စည်းထားသော ငြိမ်းချမ်းရေး ကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့သည် မိုင်းလားသို့ သွားရောက်ခဲ့ပြီး ယင်းလက်နက်ကိုင် အဖွဲ့သုံးဖွဲ့နှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် အဆိုပါ သုံးဖွဲ့အနေနှင့် ၂၁ရာစု ပင်လုံညီလာခံတွင် ပါဝင်ရေးအတွက် ကြေညာချက်ထုတ်ရန် မူအားဖြင့် သဘောတူခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ရခိုင့်တပ်မတော် (AA) သည် ယခု နှစ်ဇွန်လအထိ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားထားပြီး လက်ရှိတွင် ယင်းလက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲများ ငြိမ်သက်နေသည်။

တအာင်း၊ ပလောင် လွတ်မြောက်ရေး တပ်မတော် (TNLA) သည် လတ်တလောတွင် တပ်မတော်နှင့်သာမက တိုင်းရင်းသား လက်နက်ကိုင် RCSSနှင့်ပါ စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
Credit To>>> The Voice Weekly

0 comments:

Post a Comment