Friday, August 5, 2016

စက်မှုဇုန်များ တိုးချဲ့၍ ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်မည်

သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများနှင့် ညှိနှိုင်းကာ စက်မှုဇုန်များကို တိုးချဲ့ပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ စက်မှုဇုန်များ တိုးချဲ့ပြီး ရင်းနှီးမြှုပ်နှံများ ဖိတ်ခေါ်ရခြင်းမှာ စက်မှု ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိစေရန်ဖြစ်ကြောင်း၊ စက်မှုဇုန်များ တည်ထောင်ရာတွင်လည်း ကိုယ်ထူကိုယ်ထ ထူထောင်ရန်မလိုဘဲ ရင်းနှီး တည်ထောင်မည့် သူများကို ရင်းနှီး မြှုပ်နှံစေမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီစက်မှုဇုန်တွေမှာ အလုပ်အကိုင်တွေ ရရှိဖို့ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ဖို့အတွက် သင်တန်းတွေ ပေးဖို့ပါ လုပ်သွားမှာပါ”ဟု ဦးအောင်နိုင်ဦးက ပြောဆိုသည်။

နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် စက်မှုဇုန် အသစ်များ တိုးချဲ့ဖော်ဆောင်သွားရန်ရှိပြီး ရှိပြီးသား စက်မှုများ ဖွံ့ဖြိုးစေရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ စက်မှုလုပ်ငန်း ဥပဒေကိုလည်း ပြင်ဆင် ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် စက်မှုလုပ်ငန်း ကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်သည်ဆိုသော်လည်း ထင်သလောက် မဝင်သေးဘဲ လျှပ်စစ်မီးနှင့် စက်မှုဇုန် မြေပြဿနာကို ဖြေရှင်းနိုင်မှသာ ပိုမို ဝင်ရောက်လာနိုင်ကြောင်း၊ နိုင်ငံအနေနှင့် အခြေခံ အဆောက်အဦ လိုအပ်ချက်များ ရှိနေသောကြောင့် ရင်းနှီးမြှုပ်နှံသူများမှာ ဝင်ရောက်ရန် လက်တွန့်နေသေးကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း အတွင်းရေးမှူး ဦးအောင်မင်းက ပြောကြားသည်။

အစိုးရသစ်လက်ထက် သုံးလတာ ကာလအတွင်း စက်မှုကုန်ထုတ် လုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ တစ်သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment