Sunday, June 12, 2016

မြန်မာပြည်တွင်း လေယာဉ်စီးပြီး ခရီးသွားရမည့်သူများ သိထားသင့်သော အချက်များ


၁) မိမိလေယာဉ်လက်မှတ် ဝယ်ယူစဉ် ကိုယ်တိုင် စစ်ဆေးရမည့် အချက်များမှာ မိမိ စီးနင်းလိုက်ပါမည့် လေကြောင်းလိုင်း အမည်၊ လေယာဉ်လက်မှတ်ပေါ်မှ မိမိ၏ အမည်နှင့် မှတ်ပုံတင်နံပါတ်၊ မိမိ သွားမည့် ခရီးစဉ် အမည၊် ခရီးစဉ် အမှတ်၊ လေယာဉ် ထွက်ခွာချိန်၊ လက်မှတ်စစ်ဆေးရေး ကောင်တာသို့ ရောက်ရမည့်အချိန်၊ လေယာဉ်ဖြင့် မိမိကိုယ်တာ သယ်ဆောင်ခွင့်ရှိသည့် ကုန်စည်အလေးချိန် စသည့်အချက်များကို သေချာစိစစ် ရပါမည်။
ပြည်တွင်း ခရီးစဉ်တိုင်းအတွက် လက်မှတ်စစ်ဆေးရေး ကောင်တာသည် လေယာဉ် မထွက်ခွာမီ တစ်နာရီခွဲ အလိုတွင် စတင်ဖွင့်လှစ်ပြီး မိနစ် ၃၀ အလိုတွင် စစ်ဆေးရေးကောင်တာ ပိတ်ပါသည်။ ထို့ကြောင့် ခရီးသည်များ သည် စစ်ဆေးရေးကောင်တာ မပိတ်မီ အရောက် သွားရမည့် စစ်ဆေးရေး ကောင်တာ ပိတ်သိမ်းပြီးမှ ရောက်သွားလျှင် မိမိကို ချန်ထားခဲ့မည်ဖြစ်သည်။
ထို့ကြောင့် လေယာဉ်စီး ခရီးသည်များ မိမိလေယာဉ် ခရီးစဉ် မထွက်ခွာမီ မိနစ် ၃၀ အလို လေဆိပ် စစ်ဆေးရေးကောင်တာ အရောက် လာသင့်ပါသည။် မိမိသည် ဗွီအိုင်ပီပုဂ္ဂိုလ် ဖြစ်နေပါစေ အချိန်ကို လေးစားလိုက်နာ သင့်ပါသည်။ ဗွီအိုင်ပီ ပုဂ္ဂိုလ်သည် လေယာဉ် ထွက်ခွာချိန်ကျမှ ကပ်ရောက်လာလျှင် အခြားသူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါသည်။
၂) လေယာဉ်စီး ခရီးသည်များအနေနှင့် လေယာဉ်ပေါ်တွင် လုံးဝသယ်ယူလို့ မရသောပစ္စည်းများ၊ စားဆီများ၊ စက်ဆီများ၊ အုန်းဆီ၊ သံလွင်ဆီနှင့် အခြားဆေးအဖြစ် သုံးသော ဆီအမျိုးမျိုး၊ အိမ်သာဆေးရည်များ၊ ကြွေပြားဆေးရည်များ၊ ဆပ်ပြာအရည်နှင့် အဆီဘူးများ၊ အက်စစ်ပါ ဘက်ထရီများ၊ ဘက်ထရီခြောက်များ၊ မီးခြစ်မျိုးစုံ၊ ဂက်စ်ပါသည့် ပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး ဓာတုဗေဒ ဆေးများနှင့် ပြဒါးများ၊ ဗြောက်အိုးများ၊ ယမ်းများ၊ ပင်လယ်စာများနှင့် ရေထွက်ကုန်များ၊ ဆီများစိမ့်ထွက်နိုင်သော အစားအသောက်များ၊ ဒန်ပေါက်ထမင်းများ၊ သောက်ရေဘူးများ၊ ချက်အရက် ခေါ် အနံ့ ထွက်နေသော တောအရက်များ၊ ရေခဲများ၊ အနံ့ပြင်းသော အသီး အနှံများနှင့် ပန်းများ အစရှိသဖြင့် အရာများသည် မည်သူမျှ သယ်ယူ တင်ဆောင်သွားလို့ မရပါ။ ၎င်းပစ္စည်းများသည် သာမန်အားဖြင့် တချို့က အမှတ်တရ လက်ဆောင်အဖြစ်လည်းကောင်း၊ တစ်ကိုယ် ရည်သုံးအဖြစ်လည်းကောင်း သယ်ယူချင်လေ့ရှိသောကြောင့် ကုန်းလမ်းခရီးဖြင့် သယ်ဆောင်ခွင့် ရှိသော်လည်း လေယာဉ်ခရီးစဉ်ဖြင့် သယ်ယူလို့မရပေ။ ထို့အပြင် လေကြောင်းလုံခြုံရေးအရ တားမြစ်ထားသော ပစ္စည်းများကိုလည်း သယ်ဆောင်ခွင့် မရှိပေ။
မိမိတစ်ကိုယ်ရည်စာအတွက် ဆေးအဖြစ်သုံးရန် သယ်ယူသော ပျားရည်ပုလင်းများကို သယ်သောအခါမှ ဖန်ပုလင်းဖြင့် သယ်ယူလို့မရပါ။ ရေသန့်ဘူး ကဲ့သို့သော ပလတ်စတစ် ပုလင်းဖြင့် သယ်ယူနိုင်သည်။ သို့သော် ပုလင်းအပြည့် မထည့်ရပါ။ လေဟာနယ်အတွက် လက် လေးလုံးလောက်စာ ချန်ထားပေးရပါမည်။ ကစားစရာ ဘောလုံးများကို လေလျှော့ပစ်ပီးမှ သယ်ယူနိုင်ပါသည်။ တစ်ကိုယ်ရည်စာ လက်ဆောင် အရက် ဘီယာ ဝိုင်ပုလင်းများကို သယ်လိုပါက ထုပ်ပိုး ပါကင် ကောင်းမွန်စွာဖြင့် အပ်နှံပစ္စည်း အနေဖြင့် သယ်နိုင်သော်လည်း လေယာဉ် အဆင်း အတက်များတွင် လေယာဉ်ပေါ်ရှိ ကုန်ပစ္စည်းအိတ်များ၊ ပုံးများ အချင်းချင်း မတော်တဆ ဖိမိကာ ကွဲနိုင်သည့်အတွက် မတော်တဆ ကွဲသွားပါက အာမတော့ မခံပါ။ ဂစ်တာနှင့် ကြိုးတပ် တူရိယာများ ကြိုးလျှော့၍ သယ်ယူရမည်။ ထီးများအား အပ်နှံပစ္စည်းအဖြစ် သယ်ယူရမည်။ တစ်ကိုယ်ရည်သုံး ကတ်ကြး၊ ဓားနှင့် ချွန်ထက်သော သံသတ္တု ပစ္စည်းများကို အပ်နှံပစ္စည်းများအဖြစ် သယ်ယူနိုင်သည်။ ခရီးသည်တိုင်း မည်သည့် ခရီးစဉ်မဆို ကုန်ပစ္စည်းအလေးချိန် ကီလို ၂၀ အထိ အပ်နှံပစ္စည်းများ သယ်ဆောင်ခွင့်ရှိသည်။ လက်ဆွဲပစ္စည်းကို ၅ ကီလိုအထိ သယ်ယူခွင့်ရှိပါသည်။
ခရီးသည်တိုင်း မိမိသယ်ဆောင်သော ကုန်ပစ္စည်းအလေးချိန်သည် ခွင့်ပြုထားသည်ထက် ကျော်လွန်နေပါက ပေါင်ပိုခ တရားဝင် ပေးဆောင်ရမည်။ ပြည်တွင်းခရီးစဉ်တစ်ခုအတွက် ကုန်ပစ္စည်း ပေါင်ပိုခ ၁ ကီလိုကို ခရီးစဉ် အကွာအဝေး အလိုက် တစ်ထောင်ကျပ် သို့မဟုတ် နှစ်ထောင်ကျပ် သတ်မှတ်ထားပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကိုယ်ဝန် ၇ လ အတွင်းနှင့် ၇ လကျော်လျှင် လေယာဉ်စီး၍ ခရီးသွားနိုင်ကြောင်း မိမိတို့သက်ဆိုင်ရာ ဆရာဝန်၏ ဆေးစစ်ချက် ထောက်ခံစာ ယူလာရပါမည်။ မီးဖွားပြီးစ ကလေးများ လေယာဉ် စီးခွင့် မပြုပါ။ မီးဖွားပြီး ၄၅ ရက်ကျော်မှ လေယာဉ်စီးခွင့် ပေးပါသည။် သာမန် ဆေးကုလူနာများလည်း လေယာဉ်ခရီးဖြင့် သွားနိုင်ကြောင်း သက်ဆိုင်ရာ ဆရာဝန်၏ဆေးစစ်ချက် ထောက်ခံစာ ယူလာရပါမည်။ အရေးပေါ် အခြေအနေ လူနာများနှင့် ကူးစက်ရောဂါသည်များကို သာမန်ခရီးသည်များနှင့်အတူ မတင်ဆောင်ပါ။
လူနာများ၊ ဆေးကုမည့်ရောဂါသည်များသည် ဖြစ်နိုင်ပါက လေယာဉ်လက်မှတ် ကြိုတင် ဝယ်ယူစဉ်ကတည်းက ၎င်းတို့ အခြေအနေမှန်ကို ပြောပြထားရမည်။
အိမ်မွေး တိရစ္ဆာန်များကို သယ်ယူချင်ပါက မိမိတို့ စီးနှင်းလိုက်ပါမည့် လေကြောင်းလိုင်းကို ကြိုတင် မေးမြန်းကာ လိုအပ်သည်များကို သက်ဆိုင်ရာ လေကြောင်းလိုင်း၏ ညွှန်ကြားချက်အတိုင်း စီစဉ်ကာ သယ်ယူနိုင်ပါသည။် အချို့လေကြောင်းလိုင်းများတွင် အိမ်မွေးတိရစ္ဆာန်များကို လေယာဉ် အမျိုးအစားကြောင့် လုံးဝ မတင်ဆောင်ပါ။
ခရီးသည်များအနေနှင့် လေဆိပ်အဝင် မိမိတို့စီးလာသော ကားပေါ်မှဆင်းကာ လေဆိပ်အတွင်း ခရီးသည် စစ်ဆေးရေးကောင်တာသို့ သွားသည့်အခါနှင့် လေဆိပ်မှ ပစ္စည်းရွေးယူသည့် နေရာမှ ထွက်ခွာစဉ်တွင် မိမိတို့ကုန်ပစ္စည်း အထုပ်အပိုးများကို မိမိတို့ကိုယ်တိုင် သယ်ယူနိုင်ပါက မိမိတို့ကိုယ်တိုင် သယ်ယူရမည်။ လေကြောင်းလိုင်း အလုပ်သမားများကို သယ်ယူခိုင်းပါက အခြေအနေအရ ပိုက်ဆံပေးရပါသည်။ တရားဝင် တောင်းရန် ပေးရန် သတ်မှတ် မထားသော်လည်း ခရီးသည်က အလုပ်သမားများကို မိမိတို့ ကုန်ပစ္စည်း အထုပ်အပိုးများအား သယ်ယူခိုင်းပါက ပိုက်ဆံပေးရခြင်း ဖြစ်ပါသည်။ မိမိပစ္စည်း မိမိသယ်ယူပါက မည်သူ့ကိုမှ ပိုက်ဆံ မပေးရပါ။
လေယာဉ်ဖြင့် ခရီးသွားလိုသူတိုင်း မဖြစ်မနေ သိထားရမည့် အချက်များ ဖြစ်ပါတယ်ခင်ဗျာ။
Credit To >>> The Voice Weekly

0 comments:

Post a Comment