Sunday, May 29, 2016

MRTV ကို PSM (လူထုဝန်ဆောင်မှုမီဒီယာ)အဖြစ်သို့ ပြောင်းလဲ မည်ဖြစ်ပြီး ဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်


MRTV (မြန်မာ့အသံနှင့်ရုပ်မြင်သံကြား) အနေဖြင့် ပြည်သူလူထုဝန်ဆောင်မှု မီဒီယာ (Public service Media အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး ဈေးကွက်တွင်လည်း ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောဆိုလိုက်သည်။
မေလ ၂၇ ရက်နေ့၊ နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ၀န်းကြီးရုံး စည်းဝေးခန်းမတွင် ပြုလုပ်သော ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက မြန်မာ့အသံ၏ အနာဂတ်အခြေနေနှင့် ပတ်သက်၍ ဆွေးနွေးစဉ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနအနေနှင့် ရုပ်သံလွှင့်မီဒီယာဥပဒေ၏ နည်းဥပဒေကို ပြဌာန်းနိုင်ရေးနှင့် ရုပ်သံလွှင့်မီဒီယာကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ရုပ်သံလွှင့်မီဒီယာ လုပ်ငန်းလုပ်ကိုင်လိုသူများကိုလည်း ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြင့် လုပ်ငန်း လိုက်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော Infrastructure ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနက သင့်လျော်သည့် ဈေးနှုန်းဖြင့် ငှားရမ်းခြင်း နည်းလမ်းများဖြင့် ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက ပြောသည်။
“ရုပ်သံလွှင့်လုပ်ငန်း လုပ်ချင်တဲ့သူ အသစ်လုပ်မယ့်သူတွေကို MRTV ရဲ့ Digital Channel တွေ ငှားပေးနိုင်မယ်။ သင့်လျှော်တဲ့ ဈေးနှုန်းနဲ့ ငှားရမ်းပေးမယ်။ နောက်တစ်ကြိမ် အစည်းဝေးမှာတော့ အသေးစိတ် ဆွေးနွေးနိုင်ပါလိမ့်မယ်” ဟု ဦးတင့်ဆွေက ဆွေးနွေးပွဲတွင် ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရုပ်မြင်သံကြား မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်သံလွှင့် မီဒီယာလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မည်သို့ ရှေ့ဆက် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဖော်ထုတ် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီတွင် ယူနက်စကိုအဖွဲ့နှင့် Dr.Ramon Tuazone ၏ အကူအညီဖြင့် ရေးဆွဲခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
အဆိုပါ ဥပဒေကို မီဒီယာလုပ်ငန်း လုပ်ကိုင်ကြသူများက ၇၀ ရာခိုင်နှုန်းခန့်ထိ ကျေနပ်မှုရှိသော်လည်း နည်းဥပဒေပိုင်းမှာကိုတော့ အများပြည်သူ အကျိုးရှိစေရေးအတွက် ထည့်သွင်းရမည့် အချက်များလည်း ရှိနေဆဲဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

Credit To >>>The Ladies News

0 comments:

Post a Comment