Monday, May 9, 2016

ဖားကန့် တိုက်ပွဲများ ပိုမို့ ပြင်းထန်း ၊KIA စခန်းငယ်အချို့ ဆုတ်ခွာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မေလ ၇ ရက်နေ့က စတင်ကာ ပြန်လည် ဖြစ်ပွားလာသော တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA/KIO)တို့၏ နှစ်ဖက် တိုက်ပွဲများသည် မေလ ၈ ရက်နေ့တွင် ပိုမို ပြင်းထန်လာသဖြင့် KIA အဖွဲ့က ရှေ့တန်း စခန်းငယ်အချို့ကို ဆုတ်ခွာပေးရကြောင်း KIO နည်းပညာ အဖွဲ့ဝင် ဦးဒေါင်းခါးက ပြောကြားသည်။

“ မနေ့က ထပ်ဖြစ်လာတာတွေကတော့ မပြီးဘူး။ ဒီနေ့ နံနက်အထိ ဖြစ်နေတယ်။ အခုဟာက ဘယ်နေရာ ဖြစ်နေတယ်လို့ ပြောလို့ မရဘူး။ နေရာ တော်တော်များတယ်။ သူတို့ဘက်က စစ်ကြောင်း သုံးကြောင်းလောက် ထိုးတော့ ရှေ့တန်းက စခန်းငယ်လေးတွေပေါ့လေ။ Mobile အဖွဲ့ နေရာအချို့တော့ ဖယ်ပေးလိုက်ရတာပေါ့” ဟု ၎င်းကဆိုသည်။
ထို့အပြင် ယခုကဲ့သို့ နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်းသည် တပ်မတော် နှင့် KIO အဖွဲ့တို့အကြား နှစ်ဖက် ဖွဲ့စည်းထားသော ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့များ တွေ့ဆုံ ညှိနှိုင်းမှု မရှိခြင်းကလည်း အကြောင်းအရင်း တစ်ရပ်ဖြစ်ကြောင်း ဦးဒေါင်းခါးက ဆိုသည်။
“အရင်အစိုးရတုန်းကတည်းက ဖွဲ့စည်းပေးထားတဲ့ ပဋိ့ပက္ခ ညှိနှိုင်းရေးအဖွဲ့က အခု မတွေ့ဖြစ်တာ အတော်ကြာသွားပြီ။ စာပေးစာယူလောက်ပဲ ရှိတယ်။ လူချင်း မတွေ့ဖြစ်ကြဘူးလေ”ဟု ၎င်းကဆိုသည်။
ဖားကန့်မြို့နယ်အတွင်း KIO/KIA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း ၆ လှုပ်ရှားလျက်ရှိသော နယ်မြေဘက်သို့ တပ်မတော်က မေလ ၅ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးခြင်းဖြစ်သောကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်းဖြစ်ကြောင်း KIO အဖွဲ့၏ အဆိုအရ သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှု စာရင်းကို နှစ်ဖက် အဖွဲ့အစည်းများက ထုတ်ပြန်ခြင်း မရှိသော်လည်း မေလ ၈ ရက်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအနီး မြေမြုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြေင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက ပြောကြားသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment