Tuesday, May 17, 2016

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ပြောင်းလဲနိုင်ပြီး မုန်တိုင်းသက်ရောက်မှုကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် မိုးရနိုင်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ပြောင်းလဲနိုင်ပြီး မုန်တိုင်းသက်ရောက်မှုကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် မိုးရနိုင်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးကပြောသည်။

“ လောလောဆယ်တော့ ၁၈ရက်၊ ၁၉ရက်နေ့မှာ အိန္ဒိယနိုင်ငံကမ်းခြေကို ၀င်ရောက်ဖို့ အနေအထားလေးရှိတယ်။ အဲ့ဒီကနေ ပြက်ထွက်လာတဲ့ တိမ်တိုက်တွေက မြန်မာနိုင်ငံကို မိုးပေးနိုင်တဲ့ အနေအထား ရှိတယ်။
တစ်ရက်နဲ့ တစ်ရက်တော့ မတူဘူး။ ပြောင်းနေတဲ့ အနေအထားလေးတွေ ရှိတယ်။ မုန်တိုင်းအဖျားခက်နိုင်တဲ့အတွက်ကြောင့်မို့လို့ မြောက်ပိုင်းဒေသတွေမှာ မိုးများနိုင်တယ်။ မုန်တိုင်းကြောင့် တစ်နိုင်ငံလုံး မိုးရွာနိုင်တဲ့ အနေအထားရှိတယ်။ မုန်တိုင်းငယ်ကနေပြီးတော့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိ ရောက်နိုင်တဲ့ အနေအထားရှိတယ်” ဒေါက်တာဦးကျော်မိုးဦးက ပြောသည်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ၁၈ နာရီအတွင်း မုန်ုတိုင်းငယ်အဆင့်သို့ ပြောင်လဲနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ မေ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် အဆိုပါမုန်တိုင်းနှင့်အတူ အနောက်တောင် မုတ်သုံလေသည် ၂၀ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ဝင်ရောက်နိုင်ကြောင်းလည်း သိရသည်။

“ မုတ်သုံကတော့ တောင်ပိုင်းတို့ ဘာတို့ကို ဆက်ဝင်မယ် သိပ်ပြီးတော့ နောက်မကျဘူး။ ၂၀ ရက် ကျော်သွားရင် တောင်ပိုင်းကော မြစ်ဝကျွန်းပေါ်ကို မုတ်သုံဝင်သွားနိုင်တဲ့ အနေအထားရှိတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးကပြောသည်။

“ မုန်တိုင်းလမ်းကြောင်းက အိန္ဒိယကမ်းဘက်ယိမ်းပြီး အင်ဒရာပရာဒေ့ရှ်ကမ်းခြေ သြဒိဿကမ်းခြေတွေကနေ အိန္ဒိယ ဘင်္ဂလားဒေရှ် နယ်စပ်ဖြတ်ပြီးအဆုံးသတ်မှာဖြစ်ပါတယ်။ မေလ ၁၈၊ ၁၉၊ ၂၀၊ ၂၁ ရက်တွေ ရခိုင်ကမ်းရိုးတန်းမြစ်ဝကျွန်းပေါ်ဒေသတွေ မုန်တိုင်းးအန္တရာယ် သတိပြု ၍နေထိုင်ဖို့ ပြောလိုပါတယ်။ မိုးရွာသွန်းမှုအနေနဲ့ ၁၉ ရက်ကနေ ၂၀ရက်မှာ စစ်ကိုင်းတိုင်း မန္တလေးတိုင်း ချင်းပြည်နယ် ရခိုင်ပြည်နယ် ဧရာဝတီတိုင်းတွေ မိုးပိုရွာနိုင်ပါတယ်၊ အထူးသိစေလိုတာက မုန်တိုင်းငယ်အဆင့် မုန်တိုင်းအဆင့် ဘင်္ဂလားပင်လယ်ထဲ ဖြစ်ပြီဆိုရင် မြန်မာနိုင်ငံအရပ်ရပ်မှာ အနည်းအများဆိုသလို ထစ်ချုန်းမိုးတွေ ရွှာပါတယ်။အပူဒဏ်သက်သာသွားမှာ ဖြစ်ပါတယ်” ဟု မိုးလေ၀သပညာရှင် ဦးချစ်ကျော်ကပြောသည်။

မိုးကြိုကာလအတွင်း မုန်တိုင်းတစ်ကြိမ်မှ နှစ်ကြိမ်ခန့် ဖြစ်ပွားလေ့ရှိပြီး မုန်တိုင်းများ၏ ၄၄ ရာခိုင်နှုန်းဝန်းကျင်သည် မြန်မာနိုင်ငံကို ၀င်ရောက်လေ့ရှိသည်ဟု သိရှိရသည်။

မုန်တိုင်းသက်ရောက်မှုများကို သတိပြုရသောဒေသများသည် ရခိုင်ပြည်နယ်တည်ရှိသည့် ရခိုင်ကမ်းရိုးတန်းဒေသ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ ပါဝင်သည့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသတို့ဖြစ်သည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment