Saturday, May 21, 2016

ရခိုင်ကမ်းရိုးတန်း အမြန်ရေယာဉ် ပြေးဆွဲမှုများကို ရပ်ဆိုင်း

ဘင်္ဂလားပင်လယ်ပြင်တွင် ဖြစ်ပွားနေသည့် Roanu ဆိုင်ကလုန်း မုန်တိုင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို အဖျားခတ်နိုင်ပြီး ရခိုင်ကမ်းရိုးတန်းတလျှောက် ဒီရေ ၂ ပေ မှ ၃ ပေထိ မြင့်တက်လာနိုင်သဖြင့် ကမ်းရိုးတန်းရေယာဉ်များကို မေလ ၂၀ ရက်နေ့က စတင်ပြီး ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
"ခရီးသည်တွေ အသက်အန္တရာယ် လုံခြုံမှုအတွက်ပါ။ ခုလောလောဆယ် မုန်တိုင်း သတိပေးချက်ကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက် ရှပ်ပြေးရေယာဉ်တွေကို ရပ်ဆိုင်းထားတာပါ။" ဟု ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းမှ မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။
ခရီးသည်တင် ရှပ်ပြေးရေယာဉ်များအပြင် ပင်လယ်ပြင် ငါးဖမ်းစက်လှေနှင့် သင်္ဘောကြီးများကိုလည်း ဆိပ်ကမ်းတွင် ရပ်ထားရန် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
"စက်လှေတွေ၊ ငါးဖမ်းဘုတ်တွေနဲ့ ပြည်တွင်းရေကြောင်း သင်္ဘောလိုင်းတွေအကုန်လုံး ဆိပ်ကမ်းတွေမှာ ရပ်ထားပါတယ်။ ပင်လယ်ပြင်မှာ ဘယ် ရေယာဉ်မှ မရှိတော့ပါဘူး" ဟု စစ်တွေမြို့နယ်မှ ငါးဖမ်းစက်လှေပိုင်ရှင် ဦးကျော်သန်းနိုင်က ပြောသည်။
Roanu အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်ပြင်တွင် ဖြစ်ပွားနေပြီး ရခိုင်ကမ်းရိုးတန်းကို အဖျားခတ်နိုင်သဖြင့် ယင်း ပင်လယ်အော်ကို ဖြတ်သန်းကာ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်နှင့် တောင်ကုတ်မြို့ အပါအ၀င် အနည်းဆုံး ရခိုင်ကမ်းရိုးတန်းရှိ မြို့နယ် ၁၁ ခုကို ဖြတ်သန်းသွားလာနေသည့် ခရီးသည် ပျမ်းမျှ ၂၅၀၀ ခန့်၏ အသက်လုံခြုံရေးနှင့် ကုန်စည်များအပြင် ရေယာဉ်များ ဆုံးရှုံးနစ်နာမှု မရှိစေရန် ခရီးစဉ်များအားလုံးကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း ကမ်းခြေကို ဦးတည် နေသော်လည်း မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နိုင်ပါသဖြင့် ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှုအန္တရာယ်ကို ခံစားရမည်ဖြစ်ပါ၍ လက်ရှိအခြေအနေကို လိမ္မော်ရောင်အဆင့်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
Credit To >>> Mizzima Burmese 

0 comments:

Post a Comment