Tuesday, May 24, 2016

ဖားကန့် ကျောက်စိမ်းဒေသတွင် ကုမ္ပဏီလုပ်ကွက်ကမ်းပါးရံပြိုကျမှုကြောင့် သေဆုံးသူ ၁၂ ဦးရှိပြီး ဆက်လက်ရှာဖွေနေဆဲ

ဖားကန့်ကျောက်စိမ်းဒေသတွင် မေလ၂၃ ရက်ညက မိုးအဆက်ပျက်ရွာသွန်းနေစဉ် ကုမ္ပဏီလုပ်ကွက်
ကမ်းပါးရံပြိုကျမှုကြောင့် လူသေဆုံးမှုများရှိခဲ့ပြီး လက်ရှိအလောင်းရှာဖွေရရှိမှုမှာ ၁၂ ဦး ရှိသည်ဟု
ဖားကန့်မြို့နယ် ဒုတိယဦးစီးမှူးဒေါ်နီလာမြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။

မေလ ၂၃ ရက်တွင် ရတနာကြယ်ကုမ္ပဏီ တူးဖော်မှုရပ်နားပြီးနောက် ည ၈ နာရီ ၁၅ မိနစ်တွင်
လုပ်ကွက်ဧရိယာကမ်းပါးရံတွင် ရေမဆေးကျောက်ရှာဖွေသူ ၅ဝ ကျော်က ဝင်ရောက် တူးဖော်နေစဉ်
မြေပြိုကျမှုဖြစ်ပေါ်ခဲ့သည်။
'' မနေ့ကညနေပိုင်းကုမ္ပဏီနားတဲ့အချိန်မှာ သူတို့ ဝင်ပြီးရှာတာ။ညကရေမဆေးရှာဖွေနေသူက
အရောက် ၅ဝ လောက်ရှိတယ်။ အဲဒီမှာမှ ထွက်ပြေးလွတ်မြောက်သွားတဲ့လူတွေလည်း ရှိတယ်တဲ့။
ဒဏ်ရာရတဲ့သူတွေကတော့ ညက ဆေးရုံမှာ။ ဆေးရုံရောက်တဲ့သူ ၁ဝ ယောက်ကတော့
နာမည်စာရင်းရပြီ။ ဒဏ်ရာ အနည်းငယ်ရတဲ့သူကတော့ သူတို့ဘာသာသူတို့ အပြင်ဆေးခန်းမှာ
ကုတယ်။ ထွက်ပြေးလွတ်မြောက်သူ လူဦးရေ အတိအကျ ကျွန်မတို့ အတိအကျ မသိနိုင်သေးဘူး။
မိုးတွေကလည်း အဆက်မပျက်ရွာနေတယ်။ လွတ်သွားတဲ့လူကတော့ ပြေးပြီး လာပြောတာ''ဟု
ဒေါ်နီလာမြင့်က မေလ ၂၄ ရက်တွင် ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် ထွက်ပြေးလွတ်မြောက်သူများ ရှိသော်လည်း သေဆုံးသူဦးရေအတည်
မပြုနိုင်သေးပေ။ လက်ရှိတွင် ဒဏ်ရာရရှိသူ ၁ဝ ဦးမှာ ဖားကန့်ဆေးရုံသို့ ပို့ထားရသည်။ သေဆုံးသူအလောင်း ၁၂ လောင်းရှာတွေ့ထားပြီး ထပ်မံ၍လည်း အလောင်းရှာဖွေမှုကို မေလ ၂၄ ရက်
မွန်းလွဲပိုင်းအထိ ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
ထိုသို့ရှာဖွေရှာတွင် လက်ရှိတွင် အလောင်းရှာဖွေရေးကို ရတနာကြယ်ကုမ္ပဏီ၏ ဘတ်ဖိုးသုံးစီးဖြင့်
ဖားကန့်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့နှင့် နာရေးကူညီမှုအသင်း၊ လူမှုရေးကူညီမှုအသင်း၊ မီးသတ်တပ်ဖွဲ့တို့
ပူးပေါင်း၍ ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
ယခုဖြစ်စဉ်တွင် အခြားဒေသက လာရောက်သည့် သူများဖြစ်နိုင်ပြီး သေဆုံးသူနာမည်များမှာ
အတိအကျသိရှိခြင်း မရှိသေးဟု ဒေါ်နီလာမြင့်က ပြောသည်။
ဖားကန့်ကျောက်စိမ်းဒေသတွင် ကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံပြိုကျမှုများကြောင့် ရေမဆေး
ကျောက်ရှာဖွေသူများ သေဆုံးမှု ခဏခဏဖြစ်ပွားခဲ့ပြီး ဖားကန့်တွင် ၂ဝ၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းကလည်း
တစ်သုံးလုံးကုမ္ပဏီ၏ မြေစာပုံပြိုကျမှု ဖြစ်စဉ်တစ်ခုကြောင့် သေဆုံးသူ ၁၁၄ ဦးရှိခဲ့သည်။
ယင်းနောက်ပိုင်းတွင်လည်း အခြားကုမ္ပဏီများ၏ မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်
ရှာဖွေသူများ သေဆုံးမှုရှိခဲ့သည်။

Credit To >>> The Myanmar Times

0 comments:

Post a Comment