Tuesday, May 24, 2016

စမ်းချောင်းရှိ မြစ်ထွက်မြောင်း မြေထိန်းနံရံပြိုကျ


စမ်းချောင်းမြို့နယ် အောင်ချမ်းသာလမ်းနှင့် မင်းလမ်းကြားရှိ မြစ်ထွက်မြောင်းမြေထိန်း နံရံသည်
မေ ၂၂ ရက်က ပြိုကျပျက်စီးခဲ့ခြင်းကြောင့် တာဝန်ရှိသူများကို ထိရောက်သည့် စစ်ဆေးမှုများနှင့်အတူ
အရေးယူပေးစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က
ပြောသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာအတွင်းက ငွေကျပ် သိန်း ၄၀၀၀ ကျော်အကုန်အကျခံ
တည်ဆောက်ခဲ့သည့် အဆိုပါမြေထိန်းနံရံ ပြီးစီးသည်မှာ ခြောက်လ၀န်းကျင်သာရှိပြီး မိုးဆက်တိုက်
ရွာသွန်းမှုကြောင့် ပေ ၂၀၀ ခန့် ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည်။

"မြောင်းဘေးက ခြောက်ထပ်တိုက်တွေနဲ့ ပြိုကျတဲ့နေရာနဲ့က ကပ်နေတယ်။ ၁၀ ပေ တောင် မကွာဘူး။
ဆက်တိုက်ရေတိုက်စားလာရင် တိုက်တွေအတွက် အန္တရာယ်ရှိတယ်။ မြောင်းရဲ့နဂိုမူရင်းပုံစံက
အင်္ဂလိပ်အက္ခရာ 'ဗွီ'သဏ္ဌာန်လျှောစောက်နဲ့ အခု ပြန်ပြင်ထားတဲ့ပုံစံက 'ယူ' ပုံသဏ္ဌာန်
ဖြစ်သွားတယ်။ မြောင်းက မြစ်ရေရဲ့ တွန်းအားလည်းရှိတော့ ရေစီးက မြန်တယ်။ အဓိကကတော့
စနစ်တကျ မလုပ်လို့ ဒီလိုငွေကုန် ပြီး အရာမရောက်ဖြစ်ရတာပါ" ဟု စမ်းချောင်းမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောသည်။

မြို့နယ်အတွင်းနေထိုင်သူ ရပ်ကွက်သူ ရပ်ကွက်သားများက မြောင်းရေထိန်းနံရံ ကြံ့ခိုင်မှုမရှိကြောင်း
နံရံကြီးမှာ စောင်းလာနေကြာင်း အချိန်မရွေးပြိုကျနိုင်ခြင်းကြောင့် လာရောက်ကြည့်ရှု၍ လိုအပ်သလို
ပြင်ဆင်ပေးရန် ဦးဘိုဘိုဝင်း ရုံးခန်းသို့ တိုင်ကြားစာ ပို့ခဲ့ကြောင်း၊ ထို့ကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ
ကတည်းက ပြည်သူ့လွှတ်တော်တွင် မြောင်းရေထိန်းနံရံ ကြံ့ခိုင်အောင် ထပ်မံပြုလုပ်ပေးဖို့အတွက်
ဦးဘိုဘိုဦးက မေးမြန်းခဲ့သည်ဟု ဆိုသည်။

"အဲဒီတုန်းက မြို့တော်ဝန် ဦးလှမြင့် ဖြေခဲ့တာက ပြင်ဆင်ထားတာ ကြံ့ခိုင်မှု အပြည့်ရှိတယ်လို့
ဖြေသွားတယ်။ အခု ပေ ၂၀၀ နီးပါးလောက် ပြိုကျသွားတယ်" ဟု ဦးဘိုဘိုဦးက ဆက်ပြောသည်။

အသစ်တည်ဆောက်ထားသည့် မြေထိန်းနံရံသည် ပေ ၂,၀၀၀ ရှည်လျားပြီး အမြင့် ၁၂ ပေနှင့်
ထု နှစ်ပေ ရှိသည်။

Credit To >>> The Myanmar Times

0 comments:

Post a Comment