Sunday, May 29, 2016

တင်သွင်းလာသောယာဉ်များ ကြိုတင်ဝင်ငွေခွန် ကောက်ခံပြီးပါက လုံခြုံရေးအဆင့် သတ်မှတ်ထားသော ပုံစံကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပေးမည်ဖြစ်ပြီး ကညနတွင် ယာဉ်မှတ်ပုံတင် ဆက်လက် ပြုလုပ်နိုင်မည်


ပည်ပမှ တင်သွင်းလာသော ယာဉ်များ ကြိုတင်ဝင်ငွေခွန် ကောက်ခံပြီးပါက လုံခြုံရေးအဆင့် သတ်မှတ်ထားသော သတ်မှတ်ပုံစံအား ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ ကနဦး မော်တော်ယာဉ် မှတ်ပုံတင် ပြုလုပ်ပေးသည့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရုံးများတွင် ယာဉ်မှတ်ပုံတင် ဆက်လက် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များအား ကနဦး မှတ်ပုံတင် ဆောင်ရွက်ချိန်တွင် ကြိုတင်ဝင်ငွေခွန် ကောက်ခံမည့်လုပ်နည်း အစီအစဉ်ကို မေ ၂၈ ရက်တွင် ပြည်တွင်းအခွန်များ ဦးစီးဌာနက အသိပေး ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

လာမည့်ဇွန် ၁ ရက်မှ စတင်ကာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ကနဦး မှတ်ပုံတင်ပြုလုပ်သော ယာဉ်များ အားလုံး (Show Room/Sale Center တွင် ရောင်းချသည့်ကားများ အပါအ၀င်) သည် ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်သည်။

ပြည်ပမှ တင်သွင်းလာသည့် ယာဉ်များ အနေဖြင့် ဇွန် ၁ ရက်မှ စတင်ကာ ဆိပ်ကမ်း၌ မော်တော်ယာဉ်များအား ထုတ်ယူစဉ် အကောက်ခွန်ဆိုင်ရာ ကိစ္စများ ရှင်းလင်း ဆောင်ရွက်ပြီးပါက အမှတ် ၆၂ ပထမထပ် ပန်းဆိုးတန်းလမ်း (အောက်) ကျောက်တံတား မြို့နယ်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးတွင် ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရန် သတ်မှတ်ထားသည်။

ပြည်တွင်းထုတ် မော်တော်ယာဉ်များ အားလုံးသည် ယခင်အတိုင်း တိုင်းဒေသကြီး/ ပြည်နယ် အခွန်ဦးစီး ဌာနမှူးရုံးများရှိ မော်တော်ယာဉ် တန်ဖိုးဖြတ်ရုံးများတွင် တန်ဖိုးဖြတ်မှု ခံယူပြီး ကျသင့်အခွန် ပေးသွင်းပြီး ပုံစံ ထုတ်ယူနိုင်သည်။ နယ်စပ်ကုန်သွယ်ရေး အစီအစဉ်ဖြင့် နယ်စပ် ၀င်ပေါက်များမှ တင်သွင်းလာသော လုပ်ငန်းသုံး မော်တော်ယာဉ်များ အနေဖြင့် ယခင်အတိုင်း ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းအား သက်ဆိုင်ရာ ရုံးများတွင် ပေးသွင်းရမည် ဖြစ်သည်။

ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပေးသော သွင်းကုန်ပါမစ် (Import Permit)/ သွင်းကုန်လိုင်စင် (Import Licence) မူရင်းနှင့် မိတ္တူ၊ အကောက်ခွန် ဦးစီးဌာနမှ ထုတ်ပေးသော သွင်းကုန် ကြေညာလွှာ (Import Declaration Form) မူရင်း၊ မိတ္တူတင်ပြရန် လိုအပ်ကြောင်း သိရသည်။

ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များအား ၀င်ငွေခွန် ကောက်ယူရာတွင် ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ ယာဉ်တန်ဖိုး ကျပ်သိန်း ၃၀၀ မကျော်လျှင် အခွန် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ အထိဆိုပါက ရာခိုင်နှုန်း ၂၀၊ ကျပ်သိန်း ၁၀၀ အထက်ဆိုပါက ရာခိုင်နှုန်း ၃၀ အခွန် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကောက်ခံမည့် ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရန် မလိုသည့် မော်တော်ယာဉ် အမျိုးအစား ရှစ်မျိုးမှာ ဘဏ္ဍာငွေအရ-အသုံးဆိုင်ရာ ခွင့်ပြုရန်ပုံငွေအဖြစ် တင်သွင်းသည့် မော်တော်ယာဉ်များ၊ နာရေးယာဉ်များ၊ မီးသတ်ယာဉ်များ၊ ဘာသာရေး ကုသိုလ်ရေး သက်သက် ဆောင်ရွက်သည့် အဖွဲ့အစည်းပိုင် မော်တော်ယာဉ်များ၊ နိုင်ငံတော်သို့ လှူဒါန်း ထောက်ပံ့သည့် ယာဉ်များ၊ လှူဒါန်းရန် တင်သွင်းလာသည့် ယာဉ်များ၊ သံတမန်များ၊ သံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများက တင်သွင်းလာသည့် ယာဉ်များနှင့် ၀င်ငွေခွန် ကင်းလွတ်ခွင့် ရရှိသည့် ကာလအတွင်း တင်သွင်းသည့် ယာဉ်များဖြစ်သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment