Tuesday, May 17, 2016

၂ နှစ်ကြာသည့်တိုင် ထိုင်းအမျိုးသား ပြန်လည်ညီညွတ်ရေး စစ်အစိုးရ ဖော်ဆောင်ပေးနိုင်ခြင်း မရှိခဲ့ဟု ပညာရှင်များ သုံးသပ်


ထိုင်းနိုင်ငံတွင် စစ်တပ်က အမျိုးသားပြန်လည်ညီညွတ်ရေး အလို့ငှာ အာဏာသိမ်းပိုက်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၂ နှစ်တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချား ဦးဆောင်သော စစ်အစိုးရ အနေနှင့် ယင်းကိစ္စကို အကောင်အထည် ဖော်ဆောင်နိုင်သေးခြင်း မရှိသလို အထူးလုပ်ပိုင်ခွင့် အာဏာများ အသုံးပြုနေခြင်းက နိုင်ငံရေး ပဋိပက္ခများကို အဆက်မပြတ် ဖြစ်ပေါ်စေလျက် ရှိသည်ဟု နိုင်ငံရေးဂုရုကြီးများက ဝေဖန်သုံးသပ်ကြောင်း Bangkok Post သတင်းစာက အာဏာသိမ်းမှု နှစ်ပတ်လည်ကာလတွင် အထူးဆောင်းပါးဖြင့် ရေးသားဖော်ပြသည်။
ယနေ့သည် ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ် ဦးဆောင်သော အစိုးရအဖွဲ့ကို ဖြုတ်ချကာ ထိုင်းစစ်တပ်က အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ (NCPO) ဖွဲ့စည်းခဲ့ခြင်း ၂ နှစ်မြောက်နေ့ ဖြစ်သည်။
NCPO ၏ ဦးစားပေး ရည်ရွယ်ချက်များအနက် အဓိကကျသောအရာမှာ အကွဲအပြဲ ဖြစ်နေသော ထိုင်းနိုင်ငံရေး အင်အားစုများအကြား ပြန်လည်သင့်မြတ်ရေး ပေါ်ထွန်ရန် ဖြစ်သည်ဟု ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော် ထိုင်းစစ်အစိုးရ အနေနှင့် ၂ နှစ်တာကာလ အတွင်း ပြန်လည်ညီညွတ်ရေး လုပ်ငန်းစဉ်ကို မလုပ်ဆောင်နိုင်ခဲ့သလို သိသာထင်ရှားသည့် ရလဒ်တစ်စုံတစ်ရာကိုမျှ ဆောင်ကြဉ်းပေးနိုင်ခြင်း မရှိဟု နိုင်ငံရေး လေ့လာဆန်းစစ်သူများက ဆိုသည်။
ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အဖိဆစ်ဝိချာချီဝက Bangkok Post သတင်းစာနှင့် တွေ့ဆုံရာတွင် NCPO သည် ငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး ထိန်းသိမ်းနိုင်ရေးအတွက် ပုံမှန်ဥပဒေများနှင့် အထူးဥပဒေများ ရေးဆွဲရေးကိုသာ အလေးပေးခဲ့သည်ဟု သုံးသပ်ပြောကြားသည်။
စစ်အစိုးရတို့၏ တာဝန်ဟူသည်မှာ နိုင်ငံရေး မတည်မငြိမ်မှုများနှင့် အလှုပ်အယမ်းများကို ပုံမှန်အနေအထားသို့ ရောက်ရှိအောင် လုပ်ဆောင်ပေးရမည့် တာဝန်ရှိသည်ဟုဆိုလျှင် ရသော်လည်း အမှန်တွင် ထိုင်းစစ်အစိုးရသည် အထူးလုပ်ပိုင်ခွင့် အာဏာများ ဆက်လက်ကျင့်သုံးရေးကိုသာ လုပ်ဆောင်နေကြောင်း၊ သို့အတွက်ကြောင့် မမျှော်လင့်ထားသော ဆိုးကျိုးများ ပြန်ရလျက်ရှိကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်က ဆိုသည်။
NCPO အနေနှင့် တရားစီရင်ရေးစနစ်ကို လွတ်လပ်စွာ ထားရှိပေးပြီး ဖမ်းဆီးခံထားရသော ဆန္ဒပြသူများကို သီးခြားရွေးချယ်ကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုမည် ဆိုပါက အမျိုးသားပြန်လည်ညီညွတ်ရေးကို အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။
အကယ်၍ အထူးလုပ်ပိုင်ခွင့် အာဏာများကိုသာ ဆက်သုံးနေမည် ဆိုပါက စစ်အစိုးရကို ရန်စလိုသည့် အတိုက်အခံ အင်အားစုများ၏ ထောင်ချောက်အတွင်းသို့ အလွယ်တကူ ရောက်ရှိသွားနိုင်သည်ဟု ၎င်းက မှတ်ချက်ပေး ပြောဆိုသည်။
ယခင်ပညာရေးဝန်ကြီး ချာတူရွန်ချာဆန်းကလည်း NCPO သည် နိုင်ငံရေး အင်အားစုများအကြား မပြေလည်မှုများကို ပြေလည်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသလို ပြန်လည်သင့်မြတ်ရေးကိုလည်း လုပ်ဆောင်ပေးနိုင်ခြင်း မရှိဟု ဆိုသည်။
“၂ နှစ်တာကာလအတွင်း စစ်အစိုးရဟာ ပဋိပက္ခရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ရတယ်” ဟု ၎င်းက ပြောကြားသည်။

Credit To >>> The Voice Weekly



0 comments:

Post a Comment