Tuesday, May 17, 2016

ပေါ်စကို မြေသိမ်းခံပြည်သူများ နေပူရှိန်ပြင်းထန်မှုကြောင့် သောက်သုံးရေပြတ်လတ်ပြီး အပူနှင့်ပတ်သက်သောရောဂါများ ဖြစ်ပွားနေ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မြေသိမ်းခံပေါ်စကိုဒုက္ခသည်စခန်းမှ အိမ်ထောင်စု ၁၀၉ စု၊ စုစုပေါင်း လူဦးရေ ၃၉၃ ဦးတို့သည် နေပူရှိန်ပြင်းထန်မှုကြောင့် သောက်သုံးရေများ ပြတ်လတ်ပြီး အပူနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားနေကြကြောင်း ဒုက္ခသည်များထံမှ သိရသည်။

“ဒုက္ခရောက်တာကတော့ အများကြီးပဲ။ အဓိကတော့ ရေပေါ့လေ။ ထောက်ကြန့်မီးသတ်က ရေကားနဲ့လာလှူ တာတော့ရှိတယ်။ ဒါပေမဲ့ မလောက်ဘူး။ အခုမြင်တဲ့အတိုင်းပဲ။ လမ်းဘေးမှာ ရွက်ဖျင်တဲလေးထိုးပြီးနေရတော့ ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့လူကြီးတွေက အပူဒဏ်ကို ဘယ်လိုမှမခံနိုင်ဘူး။ ကလေးတွေကလည်း ‘ပူတယ်’ဆိုပြီး ငိုကြတယ်။ တနေ့ကဆို အသက် (၆၉)နှစ်ရှိတဲ့ အဘွားတယောက် အပူရှိန်ကြောင့် သတိလစ် သွားတာ ဒီနားက ကုသိုလ်ဖြစ်ဆေးခန်းပို့ရတယ်။ ရေကတော့ မလောက်ဘူး။ အနီးနားမှာလည်း ရေခပ်စရာ နေရာမရှိဘူး။ ဒုက္ခသည်စခန်းဖွင့်ခါစကတော့ ရေသန့်ဘူးအလှူရှင်တွေ လာလှူပါတယ်။ အခုတော့ ဘယ် အလှူရှင်မှ မရှိတော့ပါဘူး”ဟု ဒုက္ခသည်စခန်းတွင် နေထိုင်သူ ဦးတင်မောင်ဦးက News Watch သို့ ပြောသည်။
ပေါ်စကို ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် ရေပြတ်လတ်မှုများသာမက အခြားအခက်အခဲများစွာရှိကြောင်း၊ လက်ရှိနေထိုင်သည့်နေရာမှာ ကားလမ်းမဘေး ၀ဲ၊ ယာ အနိမ့်ပိုင်းတွင်ရှိနေသဖြင့် မိုးမရွာပါစေရန် ဆုတောင်း နေရကြောင်း၊ အလုပ်လက်မဲ့ဖြစ်နေသဖြင့် စားဝတ်နေရေး များစွာခက်ခဲပြီး အိမ်သာဆောက်လုပ်ခွင့်မရသည့် အတွက် အပေါ့အလေးအတွက် ခက်ခဲနေကြောင်း ဒုက္ခသည်များထံမှ သိရသည်။
ယခင်အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက် မနက် ၈ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် ကျေးရွာအုပ်စုရှိ စံသမာဓိစိုက်ခင်းမြဲမြံအောင် စိုက်ခင်းရှိတဲများကို ကျူးကျော်ဟုဆိုကာ ရဲအင်အားတထောင် ကျော်ခန့်မှ ဘူဒိုဇာများဖြင့် ဖျက်ဆီးခဲ့သောကြောင့် ပေါ်စကိုသင်္ဘောဆေးစက်ရုံအနီးတွင် ဒုက္ခသည်စခန်းဖွင့်၍ နေထိုင်ရာ ငါးလပြည့်တော့မည်ဖြစ်ကြောင်း သိရသည်။
နယ်/လုံဝန်ကြီး ဒုတိယဗိုလ်မှူးကြီးတင်အောင်ထွန်းက အဖျက်ခံရသူများကို မြေနေရာအစားပြန်ပေးမည်ဟု မီဒီယာများနှင့်တွေ့ဆုံချိန်တွင် ပြောထားပြီး ဒုက္ခသည်များကလည်း ကျောင်းဖွင့်ရာသီအမှီ နေရာအစားပြန်လို ကြောင်း သိရသည်။
“ကျွန်တော်တို့က ကျူးကျော်တွေမဟုတ်ဘူးဆိုတာ အထောက်အထားရှိပါတယ်။ မြေရှင်၊ မြေငှားစနစ်နဲ့ အကျိုးတူပူးပေါင်းလုပ်ခဲ့တာ။ မြေနေရာပေးမယ်ဆိုပြီး သတင်းစာထဲမှာ ဖော်ပြပေးတာမဟုတ်ဘဲ စာနာ ထောက်ထားတဲ့အနေနဲ့ အမြန်ဆုံးပေးစေချင်ပါတယ်။ ကျောင်းသားတွေလည်း ရှိလို့ပါ”ဟု ဒုက္ခသည်စခန်းမှ ဦးထင်ကျော်က News Watch သို့ ပြောသည်။

Credit To >>> the Voice Weekly

0 comments:

Post a Comment