Friday, April 1, 2016

ရန်ကုန်မြို့ရှိ ကန်တော်ကြီး မျှော်စင်ကျွန်း၊ တိရစ္ဆာန်ဥယျာဉ်တို့အား ပုဂ္ဂလိက ကုမ္ပဏီများကို ငှားရမ်းထားသည့် ဈေးနှုန်းများမှာ ကာလပေါက်ဈေးနှင့် ယှဉ်ပါက နည်းပါးနေ၍ ယင်းကိစ္စ ပြန်လည်သုံးသပ်ရမည်ဟု NLD လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ အထင်ကရ နေရာများဖြစ်သည့် ကန်တော်ကြီး မျှော်စင်ကျွန်း၊ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တို့ကို ပုဂ္ဂလိကုမ္ပဏီများအား အငှားချထားပေးသည့် ဈေးနှုန်းများမှာ ကာလပေါက်ဈေးနှင့် ယှဉ်ပါက နည်းပါးနေသဖြင့် ယင်းကိစ္စကို ပြန်လည်သုံးသပ်ရမည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။

မတ် ၃၁ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေး အပြီးတွင် အဆိုပါ ငှားရမ်းခ နှုန်းထားများနှင့် ပတ်သက်၍ The Daily Eleven သတင်းစာ၏ မေးမြန်းချက်အပေါ် ဦးရန်အောင်က အထက်ပါကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
"မြေအခွန်အခတွေက နိုင်ငံတော်ကို ၀င်ရမယ့် ပိုက်ဆံတွေလေ။ ဒီလိုငွေတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေလုပ်မယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်တွေမှာ ပြန်သုံးမယ်။ ဒါကြောင့် ဒီငွေတွေကို ပြန်ပြီးတော့ သုံးသပ်ရလိမ့်မယ်။ ပြန်သုံးသပ်ပြီးတော့ လက်ရှိပေါက်ဈေးနဲ့ ညီညွတ်မျှတတဲ့ ဈေးတစ်ခုကို သတ်မှတ်ဖို့ လိုလိမ့်မယ်။ ဒါမှ နိုင်ငံတော်အနေနဲ့ မနစ်နာမှာ။ နို့မို့ဆိုရင် တစ်ဖက်စောင်းနင်းကြီး ဖြစ်နေတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး ဦးရန်အောင်က ပြောကြားသည်။
တစ်နှစ်ကျပ်သိန်း ၈၆၃၇ သိန်း ၀င်ငွေရရှိနေသည့် ကန်တော်ကြီး ကရ၀ိက်ဥယျာဉ် ကမ္ဘာမြေ ၂၅ ဧကအား ဇေကမ္ဘာကုမ္ပဏီသို့ တစ်နှစ်ကျပ်သိန်း ၃၀၀ ဖြင့် ငှားရမ်းထားခြင်းကြောင့် နိုင်ငံတော်အတွက် နစ်နာနေကြောင်း ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့သော ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ကရ၀ိက်ဥယျာဉ်အား ဇေကမ္ဘာကုမ္ပဏီသို့ ၂၀၁၀ ပြည့်နှစ်မှ စတင်၍ နှစ် ၃၀ ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ပထမငါးနှစ်အထိ (၁.၉.၂၀၁၀ မှ  ၃၁.၈.၂၀၁၅) အထိ ငှားရမ်းခ တစ်နှစ်လျှင် တစ်ဧက အတွက် ကျပ် ၁၂ သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၃၀၀ (ကျပ်သန်း ၃၀) ဖြင့် ငှားရမ်းခဲ့ကြောင်း၊ စာချုပ်တွင် ငှားရမ်းခများအား နှစ်စဉ်တိုးမြင့်လာသည့် ကာလပေါက်ဈေးနှင့် ဆီလျော်သည့် ငါးရမ်းခနှုန်းထားနှင့် ချိန်ထိုး၍ တိုးမြှင့်ရန် သင့်သော်လည်း စာချုပ်၌ ပထမငါးနှစ်တွင် တစ်နှစ်ငါးရမ်းခ ကျပ်သိန်း ၃၀၀ (ကျပ်သန်း  ၃၀)၊ ဒုတိယ ငါးနှစ်တွင် မူလငှားရမ်းခ၏ ငါးရာခိုင်နှုန်းထက် မနည်းသော ၁၀ ရာခိုင်နှုန်းထက်များသော ဈေးနှုန်း၊ တတိယငါးနှစ်တွင် ဒုတိယငါးနှစ်နှုန်း၏ ငါးရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းထက် မများသောနှုန်းထား စသည့် စည်းကမ်းချက်များအား ထည့်သွင်းထားသဖြင့် အငှားချထားသူ နိုင်ငံတော်ဘက်က နစ်နာစေလျက် အငှားချထားခြင်း ခံရသည့် ကုမ္ပဏီဘက်မှ အခွင့်အလမ်း ပိုမိုရရှိစေရန် ဆောင်ရွက်ထားသည့်သဘော သက်ဝင်နေကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာက ထောက်ပြခဲ့သည်။
သို့ဖြစ်ရာ ကန်တော်ကြီး မျှော်စင်ကျွန်း၏ ငှားရမ်းခ တစ်နှစ်ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၆၀၀ သို့ တိုးမြှင့်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ခဲ့သော်လည်း ယင်းနှုန်းထား များမှာလည်း နည်းပါးနေသေးကြောင်း သိရသည်။
အလားတူ ဧကများစွာ ကျယ်ဝန်းသော တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကိုလည်း ထူးကုမ္ပဏီသို့ ငှားရမ်းထားသည့် နှုန်းထားမှာ တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ သာ ရရှိ၍ နည်းပါးသည်ဟု ဝေဖန်မှုများကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တစ်နှစ်ကျပ်သိန်း ၇၀၀ အစား ၇၇၀ သို့ တိုးမြှင့်ခဲ့သော်လည်း ခေတ်ကာလ အခြေအနေအရ များစွားနည်းပါး နေသေးသည်ဟု သုံးသပ်နေကြသည်။
ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို ငှားရမ်းပြီး ၀န်ဆောင်မှုပေးရန် ရည်ရွယ်ချက်ဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သစ်တောဦးစီးဌာနက ထူးထရိတ်ဒင်း ကုမ္ပဏီသို့ ၂၀၁၁ ခုနှစ် မတ် ၂၈ ရက်တွင် နေပြည်တော်တွင် ငှားရမ်းခြင်းစာချုပ် ချုပ်ဆိုခဲ့ကာ ငှားရမ်းခဲ့ပြီး ငှားရမ်းသည့် ကာလမှာ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အထိ ၁၀ နှစ် သက်တမ်းဖြင့် ငှားရမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။
"ဈေးက လက်ရှိအနေအထားနဲ့ အရင်ဈေးနဲ့ ဖြစ်နေတယ်။ လွှတ်တော်ကော်မတီ အနေနဲ့ ဒါကိုပြန်လည် သုံးသပ်ပြီးရင်တော့ နှစ်ဦးနှစ်ဖက်မျှတတဲ့ ဈေးနှုန်းတစ်ခုဖြစ်အောင် သတ်မှတ်ရမှာပေါ့။ သက်ဆိုင်ရာ ကော်မတီတွေလည်း ဒါနဲ့ပတ်သက်လို့ စလုပ်နေပြီ။ ဒီကိစ္စတင်ပြဖို့ ကျွန်တော်တို့ထက် ကျွမ်းကျင်တဲ့သူတွေ အများကြီး ရှိပါတယ်။ တကယ်လို့ ကျွန်တော်ဘက်က အခွင့်သာရင်လည်း တင်ပြဖို့ အဆင်သင့် ရှိပါတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။
Cerdit To >>> Eleven Media Group

0 comments:

Post a Comment