Friday, April 8, 2016

တာဝန်သိ၊ တာဝန်ယူသည့် ရင်းနှီးမြှုပ်နှံမှု အားလုံးကို လက်ခံမည်ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပြောကြား

တာဝန်သိ၊ တာဝန်ယူသည့် ရင်းနှီးမြှုပ်နှံမှုအားလုံးကို လက်ခံမည်ဟု ကနေဒါနိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တွေ့ဆုံမှုကို ပြန်လည် ရှင်းလင်း ပြောကြားသည်။

ဧပြီ ၇ ရက်က နိုင်ငံတော်သမ္မတအိမ်တော်တွင် ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ စတီဗင်ဒီရွန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်ခံတွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးရာတွင် အမျိုးသားရင်ကြားစေ့ရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးများကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဦးဇော်ဌေးက “စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ သမ္မတကြီးကတော့ တာဝန်သိ၊ တာဝန်ယူတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အားလုံးကို လက်ခံတယ်။ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ အဲဒါနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို ပြောပါတယ်။ ရာသီဥတု ပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမယ့် ဟာတွေကို ပြောပါတယ်” ဟု ရှင်းလင်းသည်။
ကနေဒါနိုင်ငံဘက်က ၁၉၈၀ ပြည့်နှစ် နောက်ပိုင်း ရပ်ဆိုင်းခဲ့သည့် မြန်မာနိုင်ငံ လူငယ်များအတွက် စကောလားရှစ် ပညာသင်ဆုများအား တိုးမြှင့်ပေးရန် သမ္မတဦးထင်ကျော်က တောင်းဆိုသည့်အပေါ် ကနေဒါနိုင်ငံခြားရေးဝန်ကြီးက လက်ခံခဲ့ကြောင်း သိရသည်။
ထို့ပြင် ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာစတီဗင်ဒီရွန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဒေါ်လာရှစ်သန်း ထောက်ပံ့ပေးခဲ့ပြီး မည်သည့်လုပ်ငန်းတွင် အသုံးပြုသွားမည် ဆိုသည်ကို မသိရှိကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။  
Credit To >>> Eleven Media Group

0 comments:

Post a Comment