Friday, April 8, 2016

အပူချိန် မြင့်တက်မှု ဆက်လက် ဖြစ်ပေါ်နေပြီး အလယ်ပိုင်း ဒေသအချို့တွင် အမြင့်ဆုံး အပူချိန် ၄၇ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်

အပူချိန် မြင့်တက်မှု ဆက်လက်ဖြစ်ပေါ်နေပြီး အလယ်ပိုင်းဒေသအချို့တွင် အမြင့်ဆုံး အပူချိန် ၄၇ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောကြားသည်။

“နေ့အပူချိန်တွေက မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အရှေ့ပိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းတို့မှာ နေ့အပူချိန်တွေက ၄၀-၄၅ ဒီဂရီ စင်တီဂရိတ်လောက်အထိ ရှိနိုင်တယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေးတိုင်းအတွင်းက နေရာအချို့မှာ ၄၅-၄၇ ဒီဂရီ စင်တီဂရိတ်အထိ ပူပြင်းနိုင်ပါ တယ်”ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။
ထို့ပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်တို့တွင်လည်း မိုးတိမ်တောင် အန္တရာယ်ကိုလည်း သတိပြုရန်လိုကြောင်း ၎င်းက ဆိုသည်။
မိုးတိမ်တောင် ဖြစ်စဉ်သည် ရာသီဥတု ၁၀ မျိုးကို ဖြစ်ပေါ်စေပြီး အဆိုပါ ရာသီဥတု ဖြစ်စဉ်များသည် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ နေရာကွက်ကြား မိုးကြီးခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ ရေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ စိုက်ဆင်း လေပြင်းတိုက်ခတ်ခြင်း၊ ပင်လယ်မီးစုန်းတောက်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းလည်း သိရသည်။
ဧပြီ၊ မေနှင့် ဇွန်လအတွင်း တစ်ပြည်လုံးတွင် ပျမ်းမျှအပူချိန် (ပုံမှန်အပူချိန်)ထက် ပိုနိုင်ကြောင်း၊ ပျမ်းမျှ အပူချိန်တို့ထက် ပိုနိုင်မှု ဖြစ်နိုင်ချေသည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)နှင့် ရှမ်းပြည်နယ်(‌မြောက်ပိုင်း)တို့တွင် ရာခိုင်နှုန်း ၄၀ မှ ရာခိုင်နှုန်း ၅၀၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး (အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ်(အရှေ့ပိုင်း)တို့သည် ရာခိုင်နှုန်း ၅၀ မှ ရာခိုင်နှုန်း ၇၀ နှင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့သည် ရာခိုင်နှုန်း ၈၀ အထိ ပိုမိုပူပြင်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။ 
Credit To >>> Eleven Media Group 

0 comments:

Post a Comment