Monday, April 25, 2016

စတော့ရှယ်ယာ ဈေးကွက်အပေါ် အများပြည်သူ စိတ်ဝင်စားမှုရှိနေ ဆဲဖြစ် မေလအတွင်း စာရင်းဝင်ကုမ္ပဏီ တစ်ခုမှ အစုရှယ်ယာများ ထပ်မံ ရောင်းချ သွားမည်

ပြီးခဲ့သည့် မတ်လ ၂၅ ရက်က ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ် ယာရောင်းချမည့် စာရင်းဝင်ကုမ္ပဏီများအနက် FMI ကုမ္ပဏီက အစုရှယ်ယာ စတင်ရောင်းချခဲ့ပြီး စတော့ရှယ်ယာ ဈေးကွက်အပေါ် အများပြည်သူ အထူး စိတ်ဝင်တစား စောင့်ကြည့် လေ့လာလျက်ရှိကာ စိတ်ဝင်စားမှု ရှိနေဆဲ ပင်ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုဈေးကွက်တွင် စတော့ရှယ်ယာနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးသော် လည်း စိတ်ဝင်တစား စောင့်ကြည့် လေ့လာသူများပြားပြီး လာမည့် မေလအတွင်းတွင် ဒုတိယမြောက်ကုမ္ပဏီဖြစ်သော သီလဝါအများပိုင် ကုမ္ပဏီက အစုရှယ်ယာများ ရောင်းချသွားနိုင်ရန် ပြင်ဆင်လျက် ရှိသည်ဟု ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။
FMI ကုမ္ပဏီ၏ အစုရှယ်ယာ စတင်ရောင်းချခဲ့သည့် ရက်သတ္တပတ်တွင် ရှယ်ယာဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဝယ်လိုအား မြင့်တက်ခဲ့ကာ သင်္ကြန် ကာလ မတိုင်မီ၊ ဈေးကွက်မပိတ်ခင်ကာလတွင်မူ ရှယ်ယာဈေးနှုန်း များ ပြန်လည် ကျဆင်းမှုများဖြစ်ပေါ်ခဲ့သည်။ သင်္ကြန်ကာလ အပြီး ဈေး ကွက်ပြန်ဖွင့်ချိန်တွင် အစုရှယ်ယာ တစ်စုတန်ဖိုး ကျပ် ၃၂၀၀၀ ခန့် ဖြစ်လာပြီး စိတ်ဝင်တစား ဝယ်ယူသူများ ရှိလာကာ ထပ်မံ၍ ဒုတိယမြောက် ရှယ်ယာရောင်းချမည့် သီလဝါကုမ္ပဏီ၏ အစုရှယ်ယာရောင်းချမည့် အစီအစဉ် ကိုလည်း လေ့လာ စောင့်ကြည့်လျက်ရှိသည်ဟု ဈေးကွက် အတွင်းမှ သိရသည်။
"စတော့ရှယ်ယာဈေးကွက်ကတော့ စောင့်ကြည့် နေဆဲပဲဖြစ်ပါတယ်။ စိတ်ဝင်စားမှုတော့ ရှိပါတယ်။ လုံးဝမရှိတာထက်စာရင် စတော့အိတ် ချိန်းဖြစ်ပေါ်လာပြီ။ ဗီယက်နမ်ဈေးကွက်လို ဖြစ်လာမလား၊ တကယ့် နိုင်ငံ တကာ ဈေးကွက်လို ဖြစ်လာမလား ဆိုတာကတော့ ပြောဖို့ စောပါသေးတယ်။ အခုမှ စလုံးရေ စပဲ ရှိသေးတာကို။ သတိပြုစောင့်ကြည့်ရမှာပေါ့။ ကုမ္ပဏီ ကြီးတွေ နှစ်ပေါင်းများစွာ လုပ်လာတဲ့ ကုမ္ပဏီတွေကတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ထားဖို့ကို စိတ်ဝင်စားပါတယ်။ ရုပ်လုံးမပေါ်သေးတဲ့ အနေအထားတွေ ကိုတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ရဲသေးဘူး။ အိမ်၊ ခြံ၊ မြေ၊ ကား၊ ရွှေ၊ ဒေါ်လာတွေ ကလည်း ကိုင်မထားချင်ဘူး။ ဒါကြောင့် စတော့မားကက်ကိုတော့ စောင့် ကြည့်နေတုန်းပါပဲ" ဟု လူငယ်စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
"ရှယ်ယာရောင်းဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီတွေမှာ ရှယ်ယာရောင်းဖို့အတွက် သူတို့ရဲ့ပြင်ဆင်နေမှုတွေနဲ့ ဆိုင်ပါတယ်။ အခု ထပ်ရောင်းမယ့် ကုမ္ပဏီဆိုရင် ဧပြီလကုန် စရောင်းဖို့ ပြင်ဆင်နေတာပါ။ ဒါပေမယ့် မေလထဲမှာ စရောင်းဖြစ် မယ် ထင်ပါတယ်"ဟု ရန်ကုန် စတော့အိတ်ချိန်းမှ တာဝန်ရှိသူတစ်ဦး ကပြော သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ ထုတ်ရောင်းမည့် အများပိုင် ကုမ္ပဏီ ခြောက်ခုကိုရွေးချယ်ထား ခဲ့ရာ First Myanmar Investment Co.,Ltd၊ First Private Bank Ltd၊ Great Hor Kham Public Co.,Ltd၊ Myanmar Agribusiness Public Corporation Ltd၊ Myanmar Citizen Bank Ltd၊ Thilawa SEZ Holding Public Ltd တို့မှ ရန်ကုန်စတော့အိတ်ချိန်း တွင် အစုရှယ်ယာများကို စတင်ရောင်းချပေးနိုင်ရန် ပြင်ဆင်လျက် ရှိရာတွင် ပထမဦးစွာ F.M.I ကုမ္ပဏီက ရှယ်ယာများကို မတ် ၂၅ ရက်က စတင်ရောင်း ချခဲ့ပြီး ဒုတိယအနေဖြင့် သီလဝါအများပိုင်ကုမ္ပဏီက မေလအတွင်း ရှယ်ယာများ ဆက်လက် ရောင်းချသွားနိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment