Tuesday, April 26, 2016

ပြည်သူများအပန်းဖြေနိုင်ရန်ကျုံးတောင်ဘက်ခြမ်းတွင် အခမဲ့ဥယျာဉ်တစ်ခုတည်ဆောက်မည်

မန္တလေးမြို့လယ်ဖြစ်သော ကျုံးမြို့ရိုးတောင်ဘက်ခြမ်း မြို့ရိုးနှင့် ကျုံးအကြားတွင် အများပြည်သူအနားယူအပမ်းဖြေနိုင်စေရန် အတွက် အခမဲ့ဥယျာဉ်တစ်ခုတည်ဆောက်ရန် စီစဉ်ဆောင်ရွက် နေကြောင်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောသည်။

မြို့လယ်ခေါင်မှာ ပြည်သူတွေအပမ်းဖြေအနားယူဖို့ ဥယျာဉ် မရှိသေးလို့ နိုင်ငံတကာအဆင့်မီအောင် တည်ဆောက်ဖို့ အစီ အစဉ်ရှိတယ်။ နန်းမြို့ရိုး၊ ကျုံးအလှနှင့်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို မထိခိုက်စေဘဲ ပြည်သူတွေ အပန်းဖြေဖို့နဲ့ အားကစားလေ့ကျင့်ဖို့လုပ်ပေးမှာပါ။ ရက် ၁ဝဝ စီမံချက် ထဲမှာ ပါဝင်တဲ့အတွက် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက် သွားမှာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
ဥယျာဉ်ထဲတွင် အပင်ကြီးများ ရွှေ့ပြောင်းစိုက်ပျိုးခြင်း၊ အလှမြက်ခင်းမျာ စိုက်ပျိုးခြင်းဖြင့် အမြန်ဆုံးပြီးစီးအောင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ဥယျာဉ်ထဲတွင်မိုးလွတ်ရေလွတ်အပန်း ဖြေနိုင်မည့် အဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီးသစ်ပင်/ပန်း ပင်များလှူဒါန်းမည့်သူများ လည်းရှိကြောင်းသိရသည်။
မြို့တော်နေပြည်သူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် ညနေပိုင်းမှာလည်းအပန်းဖြေနိုင်အောင် အချိန်ကန့် သတ်ပြီးဖွင့်ပေးမယ်။ ဥယျာဉ်ပိတ်ချိန်ကတော့နွေနဲ့ ဆောင်းတော့ အချိန်ကွာခြားမှုရှိနိုင်တယ်။ ဥယျာဉ်နဲ့သင့်တော်မယ့် ပန်းပင်/ သစ်ပင်တွေစိုက်မယ်။ သစ်ပင်အကြီးတွေဆိုရင် အပင်လိုက်ရွှေ့ ပြောင်းစိုက်လို့ရတယ်''ဟု မြို့တော်ဝန်က ဆက်လက်ပြောသည်။
ဥယျာဉ်တည်ဆောက်ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှတစ်ဆင့် နိုင်ငံတော်အဆင့်သို့တင်ပြကာ သက်ဆိုင်ရာတို့ နှင့် ညှိနှိုင်း၍ အများပြည်သူအနားယူနိုင်သည့် ဥယျာဉ်တစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရပြီး ပြင်ပအလှူရှင်၊ လုပ်ငန်းရှင်များနှင့် မြို့တော်စည်ပင်သာယာတို့ ပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဒေသမျိုးရင်းသစ်ပင်နဲ့ အရိပ်ကသစ်ပင်ကြီးတွေ၊ ပန်းစင် တွေရေကန်ငယ်နဲ့မျက်ခင်းတွေ ရေကြည်ရေရှင် ချောင်းလေးတွေ ထားပေးပါ။ ကလေးတွေအတွက်သစ်ပင်နဲ့ သဘာဝရေမြေကိုထိတွေ့ချစ်ခင်တတ်ပါစေ။ ဥယျာဉ်ထဲမှာ မန္တလေးနဲ့သက်ဆိုင်တဲ့ နိုင်ငံရေး၊ အမျိုးသားရေးနဲ့သက်ဆိုင်တဲ့ စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု အနုသုခုမအကျော်အမောတွေရဲ့ ပုံတူပန်းပုနဲ့ အတ္ထုပ္ပတ္တိ များထားရှိပြီး အနုပညာပြပွဲများခင်းကျင်းပြသနိုင်သည့် နေရာ တွေပါဝင်သင့်တယ်''ဟု စာရေးဆရာ ဆူးငှက်ကပြောသည်။
၁၉၅၈ ခုနှစ်ဝန်းကျင်က မန်းသီတာဥယျဉ်ဟု ကျုံးတောင် ဘက်မြို့ရိုးနှင့် ကျုံးအကြားတည်ဆောက်ခဲ့ရာ ဥယျာဉ်အတွင်း စိုက်ထူတားသည့်ကျောက်စာအရ အောင်မာဃစစ်ဆင်ရေး ဆင်နွှဲရာတွင် ဖက်ဆစ်တော်လှန်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲ ကာလကတည်းက ကျော်ကြားခဲ့သော ဗိုလ်အာဠာဝကကိုဖမ်းဆီး နိုင်သည့်အတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ချီးမြှင့် သည့်ဆုငွေများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Credit To >>> The Mirror Daily 

0 comments:

Post a Comment