Monday, March 28, 2016

NCA လက်မှတ်ထိုးထားသော အဖွဲ့များနှင့် မထိုးသောအဖွဲ့များ ပထမဆုံးအကြိမ် အလွတ်သဘောတွေ့

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မထိုးသေးရန် ဆုံးဖြတ်ထားသော လက်နက်ကိုင်အဖွဲ့များအကြား ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

အဆိုပါတွေ့ဆုံမှုကို မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခြင်းဖြစ်ပြီး နှစ်ဖက်တွေ့ဆုံမှုမှာ သုံးနာရီကြာမြင့်ကြောင်း ၎င်းကဆိုသည်။
“အလွတ်သဘော တွေ့တာပါ။ နောက်တစ်ကြိမ်လည်း တွေ့ဖို့ မူအရ သဘောတူထားပါတယ်။ ရှေ့ဆက်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ပြောကြဆိုကြတာပေါ့နော်။ ဆုံးဖြတ်ချက်ချတာ မရှိပါဘူး”ဟု ၎င်းကဆိုသည်။
အဆိုပါ တွေ့ဆုံပွဲတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် စုပေါင်း ဖွဲ့စည်းထားသည့် (Delegation For EAO Unity –DEU)မှ ကိုယ်စားလှယ်များနှင့် NCA လက်မှတ် မထိုးရသောအဖွဲ့များဖြင့် ဖွဲ့စည်းထားသော (Delegation for Political Negotiation -DPN) အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြောင်း ၎င်းကရှင်းပြသည်။
လက်ရှိတွင် NCA လက်မှတ် ရေးထိုးထားသော အဖွဲ့များက ချင်းမိုင်မြို့တွင် တတိယပတ်အတွင်း ထိပ်သီးအစည်းအဝေးပွဲ ကျင်းပခဲ့ပြီး အစိုးရသစ်လက်ထက် အခြားတိုင်းရင်းသား လက်နက်ကိုင်များ အားလုံးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် Delegation For EAO Unity (DEU) အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ထို့အပြင် NCA လက်မှတ် ရေးထိုးခြင်း မရှိသေးသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation -DPN)ကို ဖွဲ့စည်းထားပြီးဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် NCA လက်မှတ်ရေးထိုးခဲ့သော လက်နက်ကိုင်အဖွဲ့များတွင် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) ၊ ကရင် အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) အဖွဲ့များ ပါဝင်သည်။
အလားတူ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် NCA လက်မှတ် ရေးထိုးခြင်း မရှိသေးသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)နှင့် “ဝ” အမျိုးသားအဖွဲ့ (WNO)တို့ ပါဝင်လျက်ရှိသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment