Thursday, March 10, 2016

ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း သက်ဆိုင်ရာ အစုအဖွဲ့အလိုက် အစည်းအဝေးများ ယနေ့ စတင်မည်

ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း သက်ဆိုင်ရာအစုအဖွဲ့အလိုက် အစည်းအဝေးများကို မတ် ၁၀ ရက် (ယနေ့) မှ စတင်ကျင်းပမည် ဖြစ်သည်။


ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ ဒုတိယသမ္မတတစ်ဦး ရွေးချယ်ရန် အစည်းအဝေးကို ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ လည်းကောင်း၊  ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ဒုတိယသမ္မတတစ်ဦး ရွေးချယ်ရန် အစည်းအဝေးကို အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ လည်းကောင်း ပြုလုပ်မည်ဖြစ်သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ရန် အစည်းအဝေးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတ်မှတ်ပေးသည့် နေရာတွင် ပြုလုပ်မည်ဖြစ်သည်။

ထိုသို့ အစုအဖွဲ့တစ်ခုစီမှ ရွေးချယ်တင်မြှောက်လာမည့် ဒုတိယသမ္မတ သုံးဦးအနက် တစ်ဦးအား နိုင်ငံတော်သမ္မတအဖြစ် လျှို့ဝှက်မဲပေးစနစ်ဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ရွေးချယ်တင်မြှောက်ရမည် ဖြစ်သောကြောင့် အစုအဖွဲ့အလိုက် ဒုတိယသမ္မတများ အဆိုပြုခြင်းမှစ၍ သမ္မတအရည်အချင်း စိစစ်ခြင်း အပါအ၀င် လုပ်ငန်းစဉ်တစ်ခုလုံးမှာ ရက်သတ္တပတ် တစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း သိရသည်။

ဒုတိယသမ္မတလောင်းများအား သမ္မတ အရည်အချင်းပြည့်မီမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့တို့မှ တစ်ဦးစီပါဝင်သော စုစုပေါင်း ခုနစ်ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။

မတ် ၉ ရက် ညနေအထိ သိရှိရသော သတင်းများအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှာ ရွေးချယ်မည့် ဒုတိယသမ္မတများ၏ အမည်စာရင်းမှာ မတ် ၁၀ ရက်တွင် ထွက်ပေါ်မည်ဖြစ်ပြီး တပ်မတော်ဘက်မှ ရွေးချယ်မည့် ဒုတိယသမ္မတစာရင်းမှာ မတ် ၁၁ ရက်မှ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

အတည်ပြုနိုင်ခြင်း မရှိသေးဘဲ သတင်းထွက်ပေါ်လာခဲ့သည့် အချိန်ဇယားအရ မတ် ၁၀ ရက်တွင် လွှတ်တော်နှစ်ရပ်က ရွေးချယ်သည့် ဒုတိယသမ္မတလောင်းများ အမည်စာရင်းကို အဆိုပြုလွှာတင်ခြင်း၊ မတ် ၁၁ ရက် တွင် အဆိုပြုလွှာတင်ခံရသော ဒုတိယသမ္မတလောင်းများကို အရည်အချင်းစစ်ဆေးခြင်း စသည်တို့ကို ပြုလုပ်ပြီး မတ် ၁၁ ရက် သို့မဟုတ် မတ် ၁၄ ရက်တွင် ဒုတိယသမ္မတများကို ရွေးချယ်မည်ဟု သိရသည်။

ထို့နောက် မတ် ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ ဒုတိယသမ္မတ သုံးဦး အမည်စာရင်းတင်သွင်းပြီး စိစစ်ရေးအဖွဲ့က ပြန်လည်စိစစ်ကာ မတ် ၁၇ သို့မဟုတ် မတ် ၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်ခြင်းအား ပြုလုပ်မည်ဟု ထွက်ပေါ်ခဲ့သော သတင်းအချိန်ဇယား၌ ဖော်ပြခဲ့သည်။

မတ် ၂၁ ရက်တွင် ၀န်ကြီးဌာနများစာရင်းကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီး မတ် ၂၂ ရက်တွင် ဆွေးနွေး အတည်ပြုခြင်း၊ မတ် ၂၄ ရက်တွင် အစိုးရအဖွဲ့တွင် ခန့်အပ်မည့် ပြည်ထောင်စုဝန်ကြီးများ အမည်စာရင်းကို လွှတ်တော်သို့ တင်သွင်းပြီး မတ် ၂၅ ရက်တွင် ဆွေးနွေးအတည်ပြုခြင်း အစရှိသည်တို့ကို ပြုလုပ်ရန်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

မတ် ၉ ရက် ညပိုင်းအချိန်အထိ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ ဖြစ်နိုင်သူများအကြောင်း ခန့်မှန်းပြောဆိုမှုများမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ထွက်ပေါ်ခဲ့သည်။

ခန့်မှန်းပြောဆိုချက်အနေဖြင့် ထွက်ပေါ်နေသော သတင်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တင်သွင်းမည့် သမ္မတလောင်းများ စာရင်းတွင် ဦးထင်ကျော် (ဆရာကြီးမင်းသုဝဏ်၏ သား) က ရေပန်း အစားဆုံးဖြစ်နေပြီး  ဒေါက်တာမျိုးအောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့် ဦးစိုင်းညွန့်လွင် (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး) တို့လည်း ရေပန်းစား စာရင်းတွင် ပါဝင်လျက်ရှိသည်။ ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦး (NLD နာယက)လည်း သမ္မတဖြစ်နိုင်ခြေစာရင်း၌ ဆက်လက် ပါဝင်နေကာ ဒေါက်တာတင်မျိုးဝင်း (NLD ကျန်းမာရေးကွန်ရက် တာဝန်ခံ) ကိုလည်း ထည့်သွင်းပြောဆိုလျက် ရှိသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ရွေးချယ်တင်မြှောက်မည့် ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း ထွက်ပေါ်နေသူများမှာ တပ်မတော်ကာကွယ်aရးဦးစီးချုပ် (လေ) တပ်မတော်ညှိနှိုင်းကွပ်ကဲaရးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ထမ်းဆောင်နေသည့်  ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ဦးမြင့်ဆွေ (လက်ရှိ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်) တို့ဖြစ်ကြသည်။

ထို့ပြင် ယခင်တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့် ရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးလှဌေးဝင်း(ယခင် တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး)၊ သူရဦးသက်ဆွေ (ယခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ရေ)) တို့မှာလည်း တပ်မတော်က ရွေးချယ်တင်မြှောက်မည့် ဒုတိယသမ္မတအဖြစ် သတင်းများထွက်ပေါ်လျက်ရှိပြီး ကာယကံရှင်များကမူ အတည်မပြုနိုင်ကြောင်း ငြင်းဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင်  ပြည်သူ့လွှတ်တော်တွင် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၃၅  နေရာ စုစုပေါင်း နေရာ ၃၉၀ အနိုင် ရရှိထားသဖြင့် နိုင်ငံတော်သမ္မတ ရွေးချယ်ရန်လိုအပ်သည့် သတ်မှတ်နေရာ အရေအတွက်အား ကျော်လွန်အနိုင်ရရှိထားပြီး ဖြစ်သဖြင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ တစ်ဦး ရွေးချယ်တင်မြှောက်ခွင့် ရရှိထားပြီ ဖြစ်သည်။

Credit To >>>Eleven Media Group 

0 comments:

Post a Comment