Tuesday, February 16, 2016

ကွန်ဒိုမီနီယံဥပဒေကြောင့် နိုင်ငံခြားသားများအနေဖြင့် အဆင့်မြင့်အိမ်ရာများရှိ အခန်းများ ပိုင်ဆိုင်ခွင့်ရရှိလာခြင်းက ဈေးကွက်ဝယ်လိုအားအပေါ် သက်ရောက်မှုရှိဟု ဆို


၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်းက ထုတ်ပြန်ခဲ့သည့် ကွန်ဒိုမီနီယံဥပဒေကြောင့် နိုင်ငံခြားသားများအနေဖြင့် အဆင့်မြင့်အိမ်ရာများရှိ အခန်းများ ပိုင်ဆိုင်ခွင့်ရရှိလာခြင်းက ဈေးကွက်ဝယ်လိုအားအပေါ် သက်ရောက်မှုရှိစေကြောင်း အိမ်ခြံမြေ ရောင်း၊ ၀ယ်၊ ငှားရမ်းခြင်းဆိုင်ရာ အင်တာနက်ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် House.com.mm မှ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကဲ့သို့ ကွန်ဒိုမီနီယံဥပဒေ မထွက်သေးခင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် ရွေးကောက်ပွဲပြီး နောက်ပိုင်းကာလများမှ စတင်ပြီး အိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်ခတ်လာခဲ့ကြောင်း ရန်ကုန်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်များထံမှ စုံစမ်းသိရသည်။

ရန်ကုန်မြို့၏ အိမ်ခြံမြေ အရောင်းဈေးကွက်တွင် ရောင်းလိုသူများပြီး ၀ယ်ယူသူ နည်းပါးနေဆဲဖြစ်သော်လည်း အငှားဈေးကွက်တွင်မူ တစ်ခန်းလျှင် ကျပ်တစ်သိန်းခွဲ ၀န်းကျင်နှင့် နှစ်သိန်းအောက် တိုက်ခန်းများ အငှားသွက်နေကြောင်း သိရသည်။

အရှေ့တောင်အာရှရဲ့ စီးပွားရေးဇုန်တစ်ခု ဖြစ်ခြင်းကြောင့် ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အခြားသောမြို့များထက် ပိုမိုသက်ရောက်မှုရှိခဲ့ပြီး ဈေးများလည်း တစ်ဟုန်ထိုး တက်လာခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများသို့ စီးပွားရေးကဏ္ဍအား ချိတ်ဆက်လိုက်သည်နှင့် တစ်ပြိုင်နက် နိုင်ငံအတွင်းရှိ အိမ်ခြံမြေဈေးနှုန်းများက မြင့်တက်လာခဲ့ကြောင်း၊ အာရှဒေသတွင်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အတွက် ဟောင်ကောင်၊ စင်ကာပူနှင့် တရုတ် စသောနိုင်ငံများ ပထမဦးစားပေး စဉ်းစားမိနိုင်သော နိုင်ငံများဖြစ်ကြောင်း၊ သို့သော် တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုသည် တိုင်းပြည်ရဲ့ အိမ်ခြံမြေဈေးကွက်အပေါ် အကျိုးသက်ရောက်မှု ရှိခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပိုမိုကောင်းမွန်သေချာသော ရင်းနှီးမြှုပ်နှံမှုအတွက် ဒေသတွင်းရှိ အခြားနိုင်ငံများတွင် ပိုမိုရှာဖွေလာကြကြောင်း သိရသည်။

စီးပွားရေးတိုးတက်မှုနှုန်းထား မြန်ဆန်မှုနှင့် အာရှ၏ လက်ရှိဖြစ်တည်နေသည့် ဈေးကွက်အကျိုးအမြတ်များမှာ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်မှုဖြစ်စေကြောင်း၊ House.com.mm ၏ မိခင်ကုမ္ပဏီဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အိမ်ခြံမြေကွန်ရက်တစ်ခုဖြစ်သည့် Lamudi မှ အာရှဒေသအတွင်းရှိ ၂၀၁၆ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံရန် သင့်တော်သော နိုင်ငံအချို့ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ မြို့မှာမှာ လတ်တလော အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိနေပြီး အထူးသဖြင့် အိမ်ခြံမြေကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ကောင်းမွန်သောအခြေအနေများ ဖြစ်ပေါ်နေသည့် ဖိလစ်ပိုင်၊ မြန်မာ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေရှ်နိုင်ငံများမှ မြို့များဖြစ်ကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment