Wednesday, February 10, 2016

တိုင်းရင်းသားများအား နေရာပေးရုံဖြင့် အမျိုးသား ရင်ကြားစေ့ရေး မဖြစ်နိုင်ဟု အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ပြောကြား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်မည့် ဒုတိယအကြိမ် လွှတ်တော်နှင့် အစိုးရအဖွဲ့တွင် တိုင်းရင်းသားများအား နေရာပေးရုံဖြင့် အမျိုးသား ရင်ကြားစေ့ရေး မဖြစ်နိုင်သေးကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားခဲ့သည်။

“တိုင်းရင်းသားတွေကို ဒီလိုနေရာပေးလို့ အမျိုးသား ရင်ကြားစေ့ရေးဖြစ်ဖို့ ဆိုတာတော့ လိုပါသေးတယ်”ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ချမှတ်ထားသည့်ပါတီ မူဝါဒများတွင် အမျိုးသား ရင်ကြားစေ့ရေး ဆိုသည့်အချက်သည် အပါအ၀င်ဖြစ်ပြီး ယခုကဲ့သို့ တိုင်းရင်းသားများအား နေရာပေးသော်လည်း တိုင်းရင်းသားများ၏အရေး၊ ဖက်ဒရယ်အရေးတို့ကို အကောင်အထည် ဖော်ဆောင်နိုင်မှသာ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်လာနိုင်ကြောင်း ၄င်းကဆိုသည်။

ဖေဖော်ဝါရီ ၃ရက်က ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းတွင် အများစုနေရာ ရရှိထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များက အမျိုးသား လွှတ်တော်၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နေရာများကို တိုင်းရင်းသားများ ဖြစ်သော အာဇာနည်ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဦးမန်းဘခိုင်၏ မြေးဖြစ်သူ ဦးမန်းဝင်းခိုင်သန်းနှင့် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်တို့အပြင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ နေရာကိုလည်း ကချင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးတီခွန်မြတ်အား ရွေးချယ်နေရာပေးခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီ ၄ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး၏ ဒုတိယနေ့တွင် ဖွဲ့စည်းသည့် ဥပဒေကြမ်း ကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီတို့တွင်လည်း အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် အများစု ဖြစ်သည့်တိုင် အဖွဲ့ချုပ်၏ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် အများစုကို ထည့်သွင်းနေရာ ပေးခဲ့ကြောင်းလည်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၃၀ဦး၊ ရခိုင် အမျိုးသားပါတီမှ ၁၂ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ၁၂ဦး၊ တအောင်း (ပလောင်) အမျိုးသားပါတီမှ သုံးဦး၊ ပအိုင်းအမျိုးသား အဖွဲ့ချုပ် (PNO)ပါတီမှ သုံးဦး၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ နှစ်ဦး၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ)မှ နှစ်ဦး၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ တစ်ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီမှ တစ်ဦး၊ “၀”ဒီမိုကရက်တစ်ပါတီမှ တစ်ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ၂၅၅ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ဦးတို့ ပါဝင်ကြောင်းသိရသည်။

Credit To >>> Tomorrow News

0 comments:

Post a Comment