
မြန်မာနိုင်ငံမှ ငါးမန်းများကို ထိုင်းနိုင်ငံသို့ တရားမ၀င်
ဖမ်းဆီးရောင်းချမှုများ ရှိနေဆဲဖြစ်ပြီး ခရီးသွားများ စိတ်ဝင်စားသည့်
ကျွန်းများအနီးတွင် ငါးမန်းများ ရှားပါးသွားပြီဖြစ်ကြောင်း
မြိတ်ကျွန်းစုအတွင်းမှ ရေလုပ်ငန်းရှင်များက ဆိုသည်။
မြိတ်ကျွန်းစု
အတွင်းမှ ငါးမန်းများကို တရားမ၀င် ဖမ်းဆီးပြီး ထိုင်းနိုင်ငံသို့ တရားမ၀င်
သွားရောက် ရောင်းချနေမှုများမှာ ယခုထိရှိနေပြီး ထိုင်းနိုင်ငံရှိ
ငါးအ၀ယ်ဂိုဒေါင်များတွင် ကျောက်ပုံကျောက်ဆောင်များအတွင်း ကျက်စားနေသည့်
ငါးအမျိုးအစားများကို တွေ့နေရဆဲဖြစ်ကြောင်း ရနောင်းမြို့သို့
သွားရောက်ခဲ့သူများက ပြောကြားသည်။
"ငါးမန်းတွေက ကျောက်ဆောင်၊
ကျောက်ပုံများတဲ့ နေရာတွေမှာ ကျက်စားလေ့ရှိတယ်။ ငါးမန်းတွေကိုလည်း တရားမ၀င်
ငါးမန်းမျှားတဲ့ လှေတွေက လာရောက်မျှားနေတယ်။ ကျောက်ပုံကျောက်ဆောင်တွေမှာ
ကျက်စားတဲ့ ငါးမန်းအပါအ၀င် တခြားငါးတွေကို တွေ့ရပြီဆိုရင် အဲဒါဟာ
ငါးဗုံးခွဲတာနှင့် တရားမ၀င် ငါးမန်းမျှားတဲ့ သူတွေကြောင့် ဆိုတာသိပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ထိုင်းနိုင်ငံက ဂိုဒေါင်တွေမှာ ကျွန်တော်တို့
မြန်မာနိုင်ငံက လာရောင်းခဲ့တဲ့ ငါးမန်းတွေ အများကြီးကို တွေ့ခဲ့ရတယ်။ အခု
မြိတ်ကျွန်းစု အတွင်းက အရှေ့ဆူလာနဲ့ အနောက်ဆူလာ တစ်ဝိုက်မှာ ငါးမန်းတွေ
အရမ်းရှားသွာပြီဆိုတာ ကျွန်တော်တို့ ကြားရတယ်" ဟု ထိုင်းနိုင်ငံသို့
တရားဝင် ငါးသွားရောင်းနေသူ တစ်ဦးက ပြောကြားသည်။
ဆူလာကျွန်းများ
အနီးတွင် ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားသည့် ငါးမန်းမြို့တော်ဟု
တင်စားရသော ငါးမန်းဂူရှိကြောင်း၊ Dive လုပ်သည့် ကမ္ဘာလှည့် ခရီးသွားများ
အထူးစိတ်ဝင်စားသည့် နေရာဖြစ်ပြီး ယခုအခါ အဆိုပါ ငါးမန်းဂူကျွန်း
တစ်ဝိုက်တွင် ငါးမန်းများ ရှားပါးလာသည့်အတွက် ခရီးသွား လုပ်ငန်းများ
အတွက်ပါ ထိခိုက်လာနိုင်ကြောင်း သိရသည်။
"ဒီဇင်ဘာလထဲမှာ
ထိုင်းနိုင်ငံမှာ ငါးမန်းတွေ အများကြီး တွေ့လိုက်ရတယ်။ အဲဒီနောက်ပိုင်း အခု
၂၀၁၆ ဇန်န၀ါရီလမှာ ဒီနေရာတစ်ဝိုက်မှာ ငါးမန်းတွေ မရှိသလောက်
ဖြစ်သွားပြီလို့ ကြားရတယ်" ဟု ရနောင်းမြို့သို့ ငါးသွားရောင်းနေသူ တစ်ဦးက
ပြောကြားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းကလည်း ဆူလာကျွန်း အနီးတွင်
ခေတ်မီကိရိယာများ တပ်ဆင်ထားသည့် ထိုင်းနိုင်ငံမှ ငါးဗုံးခွဲလှေတစ်စင်းကို
မြန်မာရေတပ်က ဖမ်းဆီးရမိခဲ့သော်လည်း ထိုင်းနိုင်ငံသားနှင့်
ဆလုံတိုင်းရင်းသား တချို့မှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိနေသည့် ငါးဗုံးခွဲ လှေအများစုမှာ ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ
ဂိုဒေါင်များမှ ကိရိယာများ တပ်ဆင်ပေးကာ လွှတ်လိုက်သည့်လှေများဖြစ်ပြီး
ရရှိလာသည့် ငါးများကို ပြန်လည် ၀ယ်ယူနေကြောင်း ရေတပ်တာဝန်ရှိသူများက
ပြောကြားထားသည်။ ထိုင်းနိုင်ငံအနေဖြင့် တရားမ၀င် ငါးဖမ်းဆီးမှုများ၊
တရားမ၀င် ငါးဝယ်ယူမှုများနှင့် ရေလုပ်သားများအား ညှဉ်းပန်းမှုများကြောင့်
အီးယူမှ ပိတ်ဆို့အရေးယူမှုကို ခံထားရပြီး ပိတ်ဆို့မှု ပယ်ဖျက်ပေးရန်
တရားမ၀င် လုပ်ငန်းများကို အရေးယူ ဆောင်ရွက်မှု ပြနေရသောကြောင့်
ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းရှင်များနှင့်လည်း ထိပ်တိုက်တွေ့နေမှုကို
ရင်ဆိုင်နေရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်ရှိသည့် ငါးဖမ်းလှေ
အများစုမှာ အမည်ခံ ထိုင်းလှေများဖြစ်သောကြောင့် ငါးပုစွန် အများစုကို
ထိုင်းနိုင်ငံသို့သာ သွားရောက် ရောင်းချနေရကြောင်း သိရသည်။
Credit to >>> Eleven Media Group
Monday, January 11, 2016
မြန်မာနိုင်ငံမှ ငါးမန်းများကို ထိုင်းနိုင်ငံသို့ တရားမ၀င် ဖမ်းဆီးရောင်းချနေဆဲဖြစ်ပြီး ခရီးသွားများ စိတ်ဝင်စားသည့် ကျွန်းများအနီးတွင် ငါးမန်းရှားပါးနေပြီ ဖြစ်ကြောင်းသိရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment