Friday, January 29, 2016

ကယားပြည်နယ်အစိုးရကို တိုက်ရိုက်ရွေးချယ်ခွင့်နှင့် လူမှု့ဘဝငြိမ်းချမ်းစွာ ရပ်တည်နိုင်ဖို့ ကယားပြည်နယ် အရပ်ဖက်အဖွဲ့စည်းများ တောင်းဆို

ကယား(ကရင်နီ)ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ကို လူထုမှ တိုက်ရိုက် ရွေးချယ်တင်မြောက်ခွင့် ရရှိရန်နှင့် ပြည်နယ်သူပြည်နယ်သားများ၏ လူမှု့ဘဝငြိမ်းချမ်းစွာရပ်တည်နေထိုင်သွားနိုင်ရန် ပြည်နယ်တွင်းရှိ စီမံကိန်းလုပ်ငန်းများ လူထု၏ ဆန္ဒအလျှောက် အစိုးရမှ ဆောင်ရွက်ပေးရန် ကယားပြည်နယ် အရပ်ဖက်အဖွဲ့စည်းများက တောင်းဆိုလိုက်သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ အင်္ဂလီကန်ဘုရားကျောင်းဝင်း ခန်းမဆောင်တွင် ကျင်းပခဲ့သော ကယားပြည်နယ် ငြိမ်းချမ်းရေးဖိုရမ်အပြီး နောက်ဆုံးရက်တွင် အခုလို တောင်းဆိုလိုက်တာဖြစ်ပြီး အဓိကျသည့် အခုလိုတောင်းဆိုချက်များအပြင် ကျန်တဲ့တောင်းဆိုချက် အသေးစိတ်များကို အစိုးရအား တောင်းဆိုထားသည့် ထုတ်ပြန်ချက်တွင် ထည့်သွင်းထားတယ်ဟု ကယားပြည်နယ်ငြိမ်းချမ်းရေးဖိုရမ် ဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဆန်းရေးထူးက ပြောသည်။

"ကျနော်တို့ လက်ရှိ အစိုးရတွေကို ဘာတွေပြောမလဲဆိုတဲ့အခါကျတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဖွဲ့စည်းပုံ အခြေအနေတွေအပေါ်မှာ လစ်ဟာမှုရှိနေတဲ့ဟာလေးတွေ၊ ကျနော်တို့ လက်ရှိလူထုတွေအတွက် ကိုယ်စားမပြုနေတဲ့အချက်လေးတွေကို လူထုသဘောထားယူပြီးတော့မှ ကျနော်တို့ တင်ပြဖို့ရှိပါတယ်၊ ဖွဲ့စည်းပုံမှာရှိနေတဲ့ လူတွေရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်း အခြေအနေတွေပေါ့နော်၊ စီမံကိန်းလုပ်ငန်းတွေမှာ မထိခိုက် နစ်နာမှုမရှိစေတဲ့လုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်တဲ့အခါမှာ တကယ်ပဲ ငြိမ်းချမ်းရေးကို အခြေတည်ပြီးတော့မှ လုပ်ဖို့ဆိုတဲ့အချက်တွေကို ယျေဘုယျဆန်ဆန် ဒါကျနော်ယူပြီးတော့ ပြော လိုက်တာပေါ့နော်၊ အချက်အလက် အသေးစိတ်တော့ရှိပါတယ်"ဟု ဖိုရမ်အပြီးတွင် ပြောဆိုခဲ့သည်။

ကယားပြည်နယ်ငြိမ်းချမ်းရေးဖိုရမ်ကို သုံးရက်တာ ပြုလုပ်ခဲ့ပြီး ကောင်းမွန်သော ဒေသန္တရအုပ်ချုပ်မှု စနစ်တည်ဆောက်ရေး၊ ကရင်နီပြည်ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ မြေယာ/သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ CSOs အဖွဲ့များနှင့် အခြားဆက်စပ်အဖွဲ့စည်းများအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး စတဲ့ ခေါင်စဉ်ကြီးများဖြင့် ဆွေးနွေးမှုများမှ ရရှိလာသော အချက် (၁၆) ချက်ပါ ထုတ်ပြန်ကြေညာချက်တစ်စောင်ကို သက်ဆိုင်ရာ အစိုးရဌာနများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများသို့ ပေးပို့သွားမယ်လို့ သိရသည်။

ထိုအချက်များထဲတွင် အဓိကအားဖြင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကို ပြည်သူများမှ တိုက်ရိုက်ရွေးချယ်နိုင်ရန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားတွေ အားလုံးပါဝင်နိုင်ရန်အတွက် တိုင်းရင်းသားဒေသတွေမျာတွင် ထိုးစစ်များကိုရပ်ဆိုင်းပေးရန်၊ ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ဒေသခံ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းတွေအကြား ယုံကြည်မှုတည်ဆောက်ရန် စသည့် အချက်များကို အဓိကထားတောင်းဆိုထားသည်။

လက်ရှိတောင်းဆိုသော အချက်များကို လက်ရှိအစိုးရနှင့် အသစ်တတ်လာမည့် အစိုးအဖွဲ့များအနေဖြင့် အလေးနက်ထား သင့်သလို ထိရောက်မှု ရှိလာရန်အတွက်တော့ အခုလိုတောင်းဆိုထားသူများ အလေးနက်ထားမှု ရှိမရှိ ဆိုသည့်အချက်ပေါ် မူတည်နေတယ်လို့ ကယန်းအမျိုးသားပါတီမှ ဦးနန်းရီကပြောသည်။

“ကျနော်တို့ဖိုရမ်တွေ လုပ်တိုင်းတောင်းဆိုကြတာပေါ့လေ ဒါပေမယ့် အလေးနက်ထားမှုနဲ့ အကောင်ထည်ဖော်မှုက သိပ်မရှိဘူးဗျ။ ထိရောက်မှုဆိုတာက တောင်းဆိုတဲ့ သူနဲ့ နားထောင်တဲ့သူတွေ ကြားမှာ ကြည့်ရမှာပေါ့ ဘယ်သူတွေက လေးနက်လဲဆိုတာ ဘယ်လောက်ထိရောက်မလဲ ဆိုတာ စောင့်ကြည့်ရမယ့် အနေထားပါ ”ဟု ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

ယင်း ကယားပြည်နယ် ငြိမ်းချမ်းရေဖိုရမ်အား အရပ်ဖက်လူမှု့အဖွဲ့စည်းများဖြစ်ကြသည့် Women Safe House၊ ကန္တာရ၀တီလူငယ်အဖွဲ့၊ ကယားပြည်နယ်လူငယ်များ ကွန်ယက်၊ ကယန်းဒေသဖွံ့ဖြိုးရေးအဖွဲ့၊ အလင်းသစ်လူမူဖွံ့ဖြိုးရေးအဖွဲ့နှင့် ကယားဖူးနှစ်ခြင်းလူမူအဖွဲ့စည်း စသည့် (၆)ဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကယား(ကရင်နီ)ပြည်နယ် မြို့နယ် (၇) မြို့ နယ်မှ ဒေသခံကိုယ်စားလှယ်များနှင့်အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နိုင်ငံရေးပါတီများပါ တက်ရောက်ခဲ့ကြသည်။

Credit To >>> Kantayawaddy Times

0 comments:

Post a Comment