Wednesday, January 6, 2016

တရုတ်ဘက်မှလာသည့် လေဖိအားကြီး ရပ်ဝန်းကြောင့် မြန်မာနိုင်ငံအနှံ့ နောက်နှစ်ရက်အထိ အအေးပိုနိုင်

တရုတ်ဘက်မှလာသော လေဖိအားကြီး ရပ်ဝန်းကြောင့် မြန်မာနိုင်ငံ အနှံ့တွင် နောက်နှစ်ရက်အထိ အအေးပိုနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။


"အခုပြန်အေးတာကတော့ တရုတ်ပြည်မကြီးကနေ ဆင်းလာတဲ့ လေဖိအားကြီး ရပ်ဝန်းက ဗီယက်နမ်ဘက်ကနေ မြန်မာဘက်ထဲကို ရွေ့လာလို့ဖြစ်တယ်။ အဲဒါကြောင့် ဒေသ တော်တော်များများမှာ အအေးပိုနေတာ ဖြစ်တယ်။ အဲဒီ လေဖိအားကြီး ရပ်ဝန်းက အများဆုံးကြာရင်လည်း သုံးလေးရက်လောက်ပဲ ကြာတယ်။ ဘင်္ဂလား ပင်လယ်အော်မှာလည်း တိမ်တိုက်တွေ ပြန်တက်လာတဲ့ အတွက်ကြောင့် တစ်ရက်၊ နှစ်ရက်လောက်ပဲ အေးနိုင်တယ်။ နောက်ရက်တွေကျရင် အအေးပြန်ပေါ့သွား နိုင်တယ်" ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

ယခုနှစ်အတွင်း အယ်လ်နီညို၏ သက်ရောက်မှုကြောင့် မတ်လကုန်အထိ ပူပြင်း ခြောက်သွေ့နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောကြားသည်။

ထို့ပြင် ၂၀၁၆ ခုနှစ်အတွင်း ကြုံတွေ့နိုင်သည့် ရာသီဥတု အခြေအနေများသည် ရေရှားပါးခြင်း၊ နွေရာသီတွင် အပူချိန် မြင့်မားခြင်း၊ မုတ်သုံလေ ၀င်ရောက်မှု နောက်ကျခြင်း၊ မိုးကြိုကာလနှင့် မိုးဦးကာလတွင် မုန်တိုင်းတစ်ကြိမ်ခန့်သာ ဖြစ်ပေါ်နိုင်ပြီး အရေအတွက် လျော့နည်းခြင်း၊ မုတ်သုံလေအား မမှန်ခြင်းများကြောင့် စိုက်ပျိုးရေး၊ ရေရရှိမှု၊ လုံခြုံရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများပေါ်တွင် ရိုက်ခတ်မှုများ ရှိလာနိုင်သောကြောင့် သက်ဆိုင်ရာ ပညာရှင်များမှ လိုအပ်သည့် အကြံဥာဏ်များကို ထုတ်ပြန် ပေးသင့်ကြောင်းလည်း ဒေါက်တာဦးထွန်းလွင်မှ ပြောကြားထားသည်။

ထို့ပြင် ဇန်န၀ါရီလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုတွင် ပျမ်းမျှအပူချိန်ထက်ပိုကာ အအေးပေါ့နိုင်ကြောင်းကိုလည်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ ထုတ်ပြန်ထားသည်။
Credit to >>>Eleven Media Group

0 comments:

Post a Comment