Friday, December 18, 2015

NLD အစိုးရအဖွဲ့ ဖွဲ့စည်းပြီးပါက ပြည်နယ်ဖွံ့ဖြိုးရေး အခြေခံလိုအပ်ချက်များကို ထိရောက်စွာ လုပ်ဆောင်ပေးရန် တောင်းဆိုသွားမည်ဟု ကယားပြည်နယ် ဒေသခံ တိုင်းရင်းသားနိုင်ငံရေးပါတီများ ပြောကြား


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အစိုးရအဖွဲ့ ဖွဲ့စည်းပြီးပါက ပြည်နယ်ဖွံ့ဖြိုးရေး အခြေခံလိုအပ်ချက်များကို ထိရောက်စွာ လုပ်ဆောင်ပေးရန် တောင်းဆိုသွားမည်ဟု ကယားပြည်နယ် အခြေစိုက် ဒေသခံ တိုင်းရင်းသား နိုင်ငံရေးပါတီများက ပြောကြားသည်။

တက်လာမည့် အစိုးရသစ်အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးအပြည့်အ၀ရရှိရေး၊ ပညာရေး တိုးတက်ကောင်းမွန်စေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ တိုးမြှင့်ရေး စသည့်အခြေခံ လိုအပ်ချက်များကို အမှန်တကယ် ထိရောက်စွာ လုပ်ဆောင်ပေးရန် တောင်းဆိုသွားမည်ဟု ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသား နိုင်ငံရေးပါတီများက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပညာရေးဆိုရင်ဗျာ အမျိုးသားပညာရေးစနစ်ကို ပြောင်းလဲပြင်ဆင်စေချင်တယ်။ အခြေခံဖြစ်တဲ့ မူကြိုပညာရေးကိုလည်း သင်ရိုးညွှန်းတမ်းကောင်းကောင်းနဲ့ သင်စေချင်တယ်။ ဆရာတွေကိုလည်း လစာတွေ တိုးမြှင့်ပေးစေချင်တယ်။ နောက်တော့ ကျွန်တော်တို့ တိုင်းရင်းသား ဘာသာစကားအခြေခံကို ကျောင်းတွေမှာ သင်ကြားခွင့်ရဖို့ လိုသလို ရိုးရာယဉ်ကျေးမှုတွေ မတိမ်ကောအောင် ထိန်းသိမ်းပေးစေချင်တယ်”ဟု လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ ခူးဖိုးရယ်က ပြောကြားသည်။

ကယားလူမျိုးစု ဒီမိုကရေစီပါတီတွဲဖက် အတွင်းရေးမှူး ဦးဒူးကြည်က ပြည်နယ်၏ ရပိုင်ခွင့် အပြည့်အ၀ရှိစေမည့် ကုန်သွယ်မှုလမ်းကြောင်းအား အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်နှင့် အခြေခံလူတန်းစားများအား ရပ်ကွက်သစ်၊ ကျေးရွာသစ်များ ထိရောက်စွာ အကောင်အထည်ဖော်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ တိုင်းရင်းသားဒေသမှာ  ပညာတတ်ကလေးတွေ ရှိပါတယ်။ ဒီလူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းလည်း ဖန်တီးပေးစေချင်တယ်။ ပြည်နယ်ရဲက လိုအပ်တဲ့ ပြည်သူ့ဝန်ထမ်းနေရာတွေမှာ ပြည်နယ်တွင်းက လူငယ်တွေကို ဦးစားပေး ခန့်စေချင်တယ်။ တန်းတူညီမျှခွင့်နဲ့ ဖက်ဒရယ်ရဖို့ကတော့ အထူးတောင်းစရာ မလိုပါ ဘူး။ ဒီအချက်ကတော့ တကယ်လိုအပ်တာပါ” ဟု ဦးဒူးကြည်က ဆက်လက်ပြောကြားသည်။

အလားတူ ကယန်းအမျိုးသားပါတီ အနေဖြင့်မူ တိုင်းရင်းသားလက်နက်ကိုင်များအားလုံး စုစည်း၍ ဒေသကာကွယ်ရေးနှင့် လုံခြုံရေးအပြင် ငြိမ်းချမ်းရေးကိစ္စရပ်များအား စုပေါင်းဆောင်ရွက်ခွင့် ရရှိစေရန်၊ ဒေသတွင်း မြေယာပြဿနာများအား ဖြေရှင်းပေးရန်နှင့် ရိုးရာဓလေ့ထုံးစံ မြေယာပိုင်ဆိုင်ခွင့်အား ထည့်သွင်းစဉ်းစားပေးရန် စသည်များ တောင်းဆိုသွားမည်ဖြစ်ကြောင်း ပါတီ၏ အတွင်းရေးမှူး -၂ ခွန်းအာဖရေဒိုက ပြောကြားသည်။

“ပြည်နယ်အတွက် နောက်တစ်ခု အရေးကြီးတာကတော့ သဘာဝသယံဇာတနဲ့ ပတ်သက်တာပဲ။ ငွေရှင်ကြေးရှင်တွေကပဲ ခံစားခွင့်ရနေတယ်။ ဒေသတွင်းက ပြည်သူတွေပါ အချိုးကျခံစားစေချင်တယ်။EITI စံချိန်စံညွှန်းတွေနဲ့ သစ်ဖြစ်ဖြစ်၊ ခဲဖြစ်ဖြစ်၊ အခြားသယံဇာတ ဘာဖြစ်ဖြစ်ပေါ့ဗျာ။ တကယ့်ကို စံချိန်စံညွှန်းနဲ့ စလုပ်စေချင်တယ်။ သဘာဝ ပတ်ဝန်းကျင်ကို ဦးစားပေးလုပ်စေချင်တယ်။ အခုက ပျက်စီးနေပြီး ဒီချိန်မှာ စမလုပ်ရင် ဘယ်လိုမှ အဖတ်ဆယ်မရ ဖြစ်မယ်လေ”ဟု ခွန်းအာဖရေဒိုက ဆက်လက်ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ လွှတ်တော်သုံးရပ်ရှိ မဲဆန္ဒနယ် ၃၄ နေရာအနက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှ ၂၆ နေရာ အနိုင်ရရှိပြီး ၇၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

Credit To >>>> Eleven Media Group

0 comments:

Post a Comment