Thursday, December 3, 2015

အီရတ်နှင့်ဆီးရီးယားရှိ IS ကို နှိမ်နင်းရန်အတွက် အမေရိကန်က အထူးတပ်ဖွဲ့ဝင်များ စေလွှတ်မည်


IS များအား နှိမ်နင်းရာတွင် နိုင်ငံတကာက အရှိန်မြှင့်ရန် အမေရိကန်က တောင်းဆိုခဲ့ပြီးနောက် အီရတ်နှင့် ဆီးရီးယားရှိ IS ဂျီဟတ်များကို ချေမှုန်းရန် အမေရိကန်သည် အထူးတပ်ဖွဲ့ဝင်များကို တိုးမြှင့်အသုံးပြုမည်ဟု ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ IS အဖွဲ့အား တိုက်ခိုက်နေသော အီရတ်နှင့် ကာ့ဒ်ပက်ရှ်မာဂါတပ်များနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အထူးတပ်ဖွဲ့ဝင်များကို အီရတ်သို့ စေလွှတ်မည်ဟု ကာတာက အောက်လွှတ်တော်ရှိ လက်နက်ကိုင်ကော်မတီ၌ အမတ်များကို ပြောကြားခဲ့သည်။
အီရတ်စစ်ပွဲ အတွေ့အကြုံကြောင့် သတိကြီးစွာထားသော သမ္မတ ဘာရက်အိုဘားမားအစိုးရသည် IS အဖွဲ့အား တိုက်ခိုက်ရန်အတွက် မြေပြင်တပ်ဖွဲ့ စေလွှတ်မည့်ကိစ္စကို ကနဦးတွင် ပယ်ချခဲ့ပြီး ပြီးခဲ့သောနှစ် သြဂုတ်မှစ၍ နိုင်ငံတကာညွန့်ပေါင်းတစ်ခုကို ဦးဆောင်ကာ လေကြောင်းမှသာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် အမေရိကန်၏ မြေပြင်တပ်ဖွဲ့ဝင်အချို့ မပါဘဲ IS ကို ထိထိရောက်ရောက် နှိမ်နင်းရန် မဖြစ်နိုင်ကြောင်း ပင်တဂွန်က လက်ခံလာခဲ့သည်။ ဆီးရီးယားရှိ IS ဂျီဟတ်များကို တိုက်ခိုက်နေသူများအား ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းပေးရန်၊ အမေရိကန်ညွန့်ပေါင်းအတွက် လေကြောင်းပစ်မှတ်များ ရှာဖွေပေးရန်အတွက် အထူးတပ်ဖွဲ့ဝင် ၅၀ စေလွှတ်မည်ဟု ပြီးခဲ့သော အောက်တိုဘာတွင် အမေရိကန်က ကြေညာခဲ့သည်။

အီရတ်သို့ ထပ်တိုးစေလွှတ်မည့် အထူးတပ်ဖွဲ့ဝင်အရေအတွက်ကို မေးမြန်းခဲ့ရာ ကာတာက လုံခြုံရေးစိုးရိမ်မှုကြောင့် အတိအကျ မဖြေခဲ့ဘဲ ဆီးရီးယားတွင် စေလွှတ်ခဲ့သော တပ်ဖွဲ့ဝင် ၅၀ ထက် များပြားမည်ဖြစ်ကြောင်းသာ ဖြေဆိုခဲ့သည်။
အီရတ်တွင် လတ်တလော၌ အမေရိကန်တပ်ဖွဲ့ဝင် ၃၅၀၀ ခန့် တပ်စွဲထားသော်လည်း ၎င်းတို့၏ လုပ်ငန်းစဉ်သည် အီရတ်တပ်များကို လေ့ကျင့်ပေးရန်နှင့် အကြံပေးရန်ဖြစ်သည်။ အမည်မဖော်သော အမေရိကန်တာဝန်ရှိသူ တစ်ဦးကမူ တပ်ဖွဲ့ဝင် ၂၀၀ ခန့် စေလွှတ်နိုင်ဟု ဖြေကြားခဲ့သည်။ ယင်းတပ်ဖွဲ့ဝင်သစ်များအား အီရတ်တွင် အခြေစိုက်မည်ဖြစ်သော်လည်း နယ်စပ်တစ်လျှောက် ဆီးရီးယား မြောက်ပိုင်းတွင် စီးနင်းတိုက်ခိုက်မှုများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“အဲဒီ အထူးတပ်ဖွဲ့ဝင်တွေက စီးနင်းတိုက်ခိုက်မှုတွေ လုပ်မယ်။ ဓားစာခံတွေကို ကယ်မယ်။ ထောက်လှမ်းရေး အချက်အလက်တွေ စုဆောင်းမယ်။ ပြီးတော့ IS ခေါင်းဆောင်တွေကို ဖမ်းမယ်”ဟု ကာတာ က IS ၏ အခြားအမည်ကို သုံး၍ပြောကြားခဲ့သည်။ ယင်းသည် IS ခေါင်းဆောင်များကို သတိပေးလိုက်ခြင်းဖြစ်ကြောင်း အိုဘားမား လက်ထက် လေးဦးမြောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသော ကာတာက ပြောကြားခဲ့သည်။ ပြီးခဲ့သော အောက်တိုဘာက အမေရိကန်အထူးတပ်ဖွဲ့ဝင်များနှင့် ကာ့ဒ်တပ်ဖွဲ့ဝင်များသည် အီရတ်မြောက်ပိုင်း ဟာဝီဂျာအနီး IS ထိန်းချုပ်ထားသော ထောင်တစ်ခုကို စီးနင်းခဲ့ရာ ကွပ်မျက်ခံရဆဲဆဲ အကျဉ်းသား ၇၀ ခန့်ကို ကယ်တင်နိုင်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးမှာမူ သေဆုံးခဲ့ကြောင်း သိရသည်။     

Credit To .>>> Eleven Media Group

0 comments:

Post a Comment