တရုတ်နိုင်ငံသားများသည် အင်တာနက်ပေါ်တွင် လွတ်လပ်စွာ
ပြောဆိုခွင့်ရှိသင့်ကြောင်း သမ္မတရှီကျင်းပင်က ပြောကြားပြီး နှစ်ရက်အကြာတွင်
လွတ်လပ်စွာ ပြောဆိုခွင့်ဘက်မှ ရပ်တည်သည့် ရှေ့နေသည် tweet ၇
ခုပေးပို့မှုဖြင့် တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။
နိုင်ငံတွင်းရှိ
အင်တာနက်သုံးစွဲသူ သန်း ၆၇၀ အနေဖြင့် အွန်လိုင်းလွတ်လပ်မှုကို
အကျိုးခံစားရရန် အရေးပါကြောင်း ဘေကျင်းအစိုးမှ ထောက်ပံ့ပေးထားသော
အင်တာနက်ကွန်ဖရင့်ဖွင့်ပွဲတွင် တရုတ်သမ္မတ ရှီကျင်းပင်က ပြောကြားခဲ့သည်။
သို့သော်လည်း တရုတ်အစိုးရအနေဖြင့် Facebook, Twitter, Wikipedia နှင့်
Instagram အပါအဝင် နိုင်ငံရပ်ခြား အင်တာနက်ဝန်ဆောင်မှုများ
ပိတ်ပင်ခြင်းနှင့် ဖြတ်တောက်ခြင်းတို့ကို ပြုလုပ်နေလျက်ရှိသည်။
“တစ်ကယ့်အပြင်လောကမှာ လွတ်လပ်ခွင့်နဲ့ စနစ်တကျရှိခြင်းဆိုတဲ့ အရာ နှစ်ခုဟာ
cyberspace အတွင်း လိုအပ်ပါတယ်” ဟု တရုတ်ပြည်အရှေ့ပိုင်း၊ ဝူရှန်မြို့တွင်
သုံးရက်ကြာပြုလုပ်နေသည့် ကမ္ဘာအင်တာနက် ကွန်ဖရင့်၌ ရှီကျင်းပင်က
ပြောဆိုခဲ့သည်။
“လွတ်လပ်မှုဟာ စနစ်တကျရှိမှု အဓိပ္ပာယ်ဖြစ်သလို
စနစ်ကျခြင်းကလည်း လွတ်လပ်မှုကို အာမခံပါတယ်။ ကျွန်တော်တို့အနေနဲ့
အင်တာနက်သုံးစွဲသူတွေရဲ့ စိတ်ကူးဉာဏ်ဖလှယ်မှုနှင့် စိတ်ရှိတဲ့အတိုင်း
ပြောဆိုနိုင်တဲ့ အခွင့်အရေးတွေကို လေးစားရပါမယ်။ ဒါ့အပြင်
အင်တာနက်သုံးစွဲသူ အားလုံးရဲ့ အကျိုးနဲ့ တရားဝင် အခွင့်အရေးတွေကို
ကာကွယ်ဖို့ တရားဥပဒေနဲ့အညီ cyberspace လောကအတွင်း ကောင်းမွန်တဲ့
စနစ်တကျရှိမှုကို တည်ဆောက်သင့်ပါတယ်” ဟု တရုတ်သမ္မတရှီကျင်းပင်က
ပြောဆိုခဲ့သည်။
ရှီကျင်းပင်၏ ၂၅ မိနစ်စာ မိန့်ခွန်းနှင့်
ဆန့်ကျင်နေသည့်အရာမှာ ပုရှီကွမ်အမှုဖြစ်သည်။ ၎င်းသည် အင်တာနက်နှင့် ပတ်သက်သည့်
အများပြည်သူအခွင့်အရေးဆိုင်ရာ ရှေ့နေဖြစ်ပြီး တရုတ်နိုင်ငံ၏ Twitter
ဖြစ်သော Weibo တွင် ကွန်မြူနစ်ပါတီကို ဝေဖန်သည့် post ၇ ခုကြောင့် ထောင် ၈
နှစ် ကျခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။
၎င်းရှေ့နေကို တနင်္လာနေ့က
ဘေကျင်းမြို့တွင် ရုံးတင်စစ်ဆေးခဲ့ပြီး တက်ကြွလှုပ်ရှားသူများက
ယခုလွတ်လပ်စွာ ပြောဆိုခွင့်ဆိုင်ရာ အမှုသည် အနာဂတ်တွင်
တရုတ်အင်တာနက်သုံးစွဲသူများအနေဖြင့် မည်သည့်အရာကို ပြောဆိုနိုင်မှု ရှိ၊
မရှိ သိမြင်လာရန် ကူညီပေးနိုင်မည့် အရာအဖြစ် ဖော်ပြနေကြသည်။
အဆိုပါရှေ့နေသည် Twitter ပေါ်တွင် follow ပြုလုပ်သူ ၁၃၈,၀၀၀ ရှိသလို
တရုတ်လူမှုရေးမီဒီယာများတွင် follow ပြုလုပ်သူ အများအပြားရှိသည်။ ၎င်း၏ account
များသည် အစိုးရစိစစ်ရေးအဖွဲ့၏ မကြာခဏ ပိတ်ပင်ခြင်းကို ခံနေရကြောင်း
သိရသည်။
ရှီကျင်ပင်း၏ မိန့်ခွန်းတွင် ပု၏အမှုနှင့် ပတ်သက်၍
တိုက်ရိုက်ရည်ညွှန်းခြင်း မပြုလုပ်ခဲ့သလို အစိုးရအနေဖြင့် အင်တာနက်နှင့်
ပတ်သက်၍ တင်းကျပ်မှုကို ဖြေလျော့သွားမည် မဟုတ်ကြောင်းလည်း
အရိပ်အမြွက်ပြောဆိုခဲ့ခြင်း မရှိပေ။
Credit To >>>> Internet Journal
Wednesday, December 16, 2015
အင်တာနက်သုံးစွဲသူများ လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမည်ဟု တရုတ်သမ္မတ ရှီကျင်းပင် ပြောကြား
Wednesday, December 16, 2015
No comments
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment