ငပလီကမ်းခြေ အနီးအနား ၀န်းကျင်ရှိ ဈေးဆိုင်များတွင်
အုန်းသီးခြောက်ခွံဖြင့် ရုပ်တုမျိုးစုံ ဖန်တီးထုဆစ် ထုတ်လုပ်မှု လုပ်ငန်းမှာ
ပြည်တွင်းပြည်ပ ခရီးသွားများ၏ စိတ်အကြိုက် ဖမ်းစားနိုင်သည့်
ပန်းပုလက်ရာသစ်အဖြစ် ငပလီ ဈေးကွက်တွင် လက်လီ၊လက်ကား ၀ယ်လိုအား
များပြားလာမှုနှင့် လုပ်ငန်း တိုးချဲ့လုပ်ကိုင်သူ များပြားလာကြောင်း
ထုတ်လုပ် ရောင်းချသူများထံမှ သိရသည်။
“ဟိုးအရင်က ဒီလုပ်ငန်းကို
လုပ်တတ်တဲ့သူ သိပ်မရှိဘူး။ သုံးဦးလောက်ပဲ ရှိတယ်။ အခုတော့ ကမ်းခြေကို
အလည်အပတ် လာတဲ့သူတွေ ၀ယ်လိုအား များလာကြတယ်။ ဒီလုပ်ငန်းက အရောင်းသွက်လာတော့
တွက်ခြေကိုက်မှုနဲ့ လုပ်ကိုင်သူ ၁၀ ဦးကျော်အထိ တိုးချဲ့
လုပ်ကိုင်လာကြတာကို တွေ့ရပါတယ်။ ပြည်တွင်း ရန်ကုန်၊ မင်းဘူး၊ မကွေး၊
စစ်ကိုင်းဒေသ ဘက်တွေကလည်း အော်ဒါမှာယူမှု များပြားလာတော့ လုပ်ငန်းက ပိုပြီး
တွင်ကျယ်လာတယ်” ဟု ရုပ်တု ဖန်တီးထုဆစ် ထုတ်လုပ်သူ ငပလီမြို့မဇင် ရပ်ကွက်မှ
ဦးအောင်နိုင်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ် ငပလီမြို့တွင်
အုန်းသီးခွံခြောက်မှ မျောက်ရုပ်၊ ကျားရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊
ဘိုးတော်ရုပ်၊ ဇီးကွက်ရုပ် အစရှိသည့် အရုပ်တုပေါင်းမျိုးစုံ လူအများ
စိတ်ဝင်စားဖွယ် ဖန်တီးထုတ်လုပ်ပြီး လက်လီ၊
လက်ကား ပြည်ပ
ခရီးသွားများနှင့် ပြည်တွင်း ဈေးကွက် ၀ယ်လက် များပြားလာမှုကြောင့်
လုပ်ကိုင်သူ လူဦးရေ များပြားလာခြင်း ဖြစ်ကြောင်း ငပလီ စတိုးဆိုင်
ပိုင်ရှင်ထံမှ သိရသည်။
အုန်းသီးခြောက်ခွံဖြင့် ဖန်တီးထုတ်လုပ်သည့်
ရုပ်တုများကို လက်ဖက်ရည်ဆိုင်၊ ဈေးဆိုင်၊ နေအိမ်များနှင့်
ဘုရားစေတီများတွင် များသောအားဖြင့် အမှတ်တရ ချိတ်ဆွဲထားရန်
ဝယ်ယူမှုများကြောင်းနှင့် ရုပ်တုတစ်ခု၏ တန်ဖိုးမှာ ကျပ် ၁၅၀၀ မှ ၄၀၀၀ အထိ
အမျိုးအစားလိုက်ရှိပြီး ထုတ်လုပ်သူ တစ်ဦးမှာ တစ်နေ့လျှင် ရုပ်တုသုံးခုမှ
ငါးခုအထိ ပြုလုပ်ပြီးစီးတတ်ကြောင်း ငပလီကုန်း ခြေလင်းသာ ရပ်ကွက်မှ
ထုတ်လုပ်သူတစ်ဦး ဖြစ်သူ ဦးထွန်းသိန်းက ပြောကြားသည်။
အဆိုပါ
လုပ်ငန်းမှာ ကုန်ကြမ်း အရင်းအနှီး ကုန်ကျမှု မရှိသောကြောင့် ဖန်တီးထုဆစ်
လုပ်နိုင်မှု အင်အားပေါ် မူတည်ပြီး ရုပ်တုထုဆစ်သူ တစ်ဦးတွင် တစ်နေ့ ကျပ်
၈၀၀၀ နှင့် အထက် ကျပ် ၁၀၀၀၀ ကျော်အထိ ရရှိတတ်ပြီး ခရီးသွားရာသီ ကာလများတွင်
ပြည်တွင်း ပြည်ပ ဧည့်သည်အချို့မှာ အိမ်ပြန်လက်ဆောင် အမှတ်တရ
ဝယ်ယူမှုများကြောင်း၊ ကျောင်းပိတ်ရက်၊ သင်္ကြန်ရက်နှင့် နှစ်သစ်ကူးရက်များတွင်
တစ်နေ့လျှင် ၀င်ငွေ ကျပ် ၂၀၀၀၀ ကျော်အထိ ရရှိတတ်သည်ဟု ဆိုသည်။
ထို့အပြင်
ငပလီ ကမ်းခြေ၌ ရေကူး၊ ရေကစားရာတွင် ရေပေါ်မျှောစီးသည့် (ဘောကွင်း)
ငှားလုပ်ငန်းမှာ တစ်နေ့လျှင် ပုံမှန်ငွေ တစ်သောင်း ထက်မနည်း ရလေ့ရှိသည်။
“ရေးကစားဖို့
လာတဲ့လူတွေ ငှားကြတယ်လေ။ ငှးရမ်းခက တစ်လုံးကို ကျပ် ၅၀၀ ရပါတယ်၊
အချိန်ကတော့ မကန့်သတ်ထားပါဘူး။ အကြီးအသေး ရှိတယ်။ ဈေးနှုန်းကတော့ အတူတူပဲ။
သင်္ကြန်ရက်တွေ ဆိုရင်တော့ မကိုက်ဘူး။ တချို့ကလည်း ရေထဲ မျှောထားခဲ့တယ်။
တချို့ကျတော့ လေလုံးကို ဖောက်ပြီး ပစ်ထားခဲ့တယ်” ဟု ငပလီ ကမ်းခြေမှ
ရေလှိုင်းပြာ ဘောကွင်းငှားသူ တစ်ဦးက ဆိုသည်။
Credit To >>> Eleven Media Group
Friday, December 18, 2015
ငပလီ ကမ်းခြေတွင် ခရီးသွားများ စိတ်ဝင်စားရန် အုန်းသီးခြောက်ခွံဖြင့် ရုပ်လုံးရုပ်တုလုပ်ငန်း တိုးချဲ့လုပ်ကိုင်သူများလာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment