Friday, December 4, 2015

ကိုးကန့်တွင့် ကြံ့ခိုင်ရေးပါတီအနိုင်ရမှု ကန့်ကွက်စာနှစ်ကြိမ်တင်သော်လည်းအကြောင်းမပြန်ဟုဆို



ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ရွေးကောက်ပွဲမသမာမှုများဖြင့်အနိုင်ရသည်ဟုဆိုကာ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာနှစ်ကြိမ်တင်သွင်းသော်လည်း အကြောင်းပြန်ကြားခြင်းမရှိကြောင်း အဆိုပါရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူးဦးမြင့်ခိုင်က ပြောကြားသည်။

ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ကိုးကန့်ဒေသအတွင်းရှိ လောက်ကိုင်မြို့နယ်နှင့်ကုန်းကြမ်းမြို့နယ်များရှိ မဲရုံဧရိယာများအနီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမှတ်တံဆိပ်ပါအင်္ကျီများ၊ဦးထုပ်များဝတ်ဆင်ပြီး စည်းရုံးရေးဆင်းခဲ့သောကြောင့် ယင်းမဲဆန္ဒနယ်များတွင်ယှဉ်ပြိုင်သော ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်လောင်းများကလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုဝင်ဘာလ၁၃ရက်နှင့်၁၉ရက်တို့တွင် ကန့်ကွက်စာနှစ်ကြိမ်ပေးပို့ခဲ့ကြောင်း၎င်းကဆိုသည်။
“ ရွေးကောက်ပွဲတရားမျှတမှုမရှိတာလည်းပါတယ်၊နောက်ပြီးမသမာမှုလုပ်တာတွေလည်းပါတယ်၊ကျွန်တော်တို့ကရွေးကောက်ပွဲအပြီး ၁၅ရက်အတွင်းမှာပြည်ထောင်စုကော်မရှင်အထိ ကန့်ကွက်စာနှစ်ကြိမ်တင်ခဲ့တာ ခုထိဘာမှအကြောင်းမပြန်ပါဘူး”ဟု၎င်းကဆိုသည်။
ယင်းသို့ကန့်ကွက်စာပေးပို့သော်လည်း ရွေးကောက်ပွဲနည်းဥပဒေများအရ သတ်မှတ်ထားသောရွေးကောက်ပွဲကန့်ကွက်လွှာအမှုအဖြစ် ထပ်မံလျှောက်ထားမည်ဖြစ်ကြောင်း ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီထံမှသိရသည်။
သို့သော်လည်းရွေးကောက်ပွဲရလဒ်ကိုမကျေနပ်ပါက ရွေးကောက်ပွဲနည်းဥပဒေများအရ ကျပ်ငွေငါးသိန်းအကုန်ကျခံကာ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအဖြစ် တင်သွင်းရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ညွှန်ကြားရေးမှူးဦးသောင်းလှိုင်ကပြောဆိုသည်။
“ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ဘယ်လိုတင်ရမယ်ဆိုတာဥပဒေမှာပြဋ္ဌာန်းထားပြီးသားပါ၊ဥပဒေအတိုင်းပဲလုပ်ရပါမယ်” ဟု၎င်းကဆိုသည်။
အဆိုပါကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လောက်ကိုင်မြို့နယ်နှင့်ကုန်းကြမ်းမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပခဲ့ပြီး ယင်းဒေသအတွင်းရှိမဲဆန္ဒနယ်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီနှင့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနှစ်ပါတီသာယှဉ်ပြိုင်ခဲ့သည်။
ထို့အပြင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်သောရွေးကောက်ပွဲရလဒ်များအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိမဲဆန္ဒနယ်အားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့သည်။

Credit To >>> The Voice News 

0 comments:

Post a Comment