Tuesday, December 15, 2015

အနောက်နိုင်ငံများမှ လက်နက်ကုမ္ပဏီများ ရောင်းအားကျသွားပြီး ရုရှားကုမ္ပဏီများ ရောင်းအားတက်လာ


မြောက်အမေရိကနှင့် အနောက်ဥရောပရှိ လက်နက် ထုတ်လုပ်သူများသည် ၂၀၁၄ ခုနှစ်က နိုင်ငံတကာ လက်နက်ဈေးကွက်ကို ကြီးစိုးထားနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် နာမည်ရလာသည့် ရုရှားနှင့် အာရှကုမ္ပဏီများကို ဈေးကွက်ခွဲပေးလာရကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနသိပ္ပံ (SIPRI) ၏ ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကမ္ဘာအကြီးဆုံး လက်နက်နှင့် စစ်ဘက်  ၀န်ဆောင်မှုရေးရာ ကုမ္ပဏီ ၁၀၀ ၏ စုစုပေါင်း ရောင်းအားသည် လေးနှစ်ဆက်တိုက် ကျဆင်းနေခဲ့ပြီးနောက် ၂၀၁၃ ခု နှစ်ကထက်  ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး စုစုပေါင်းဝင်ငွေ ဒေါ်လာ ၄၀၁ ဘီလျံ (ယူရို ၃၆၄ ဘီလျံ) ရှိနေကြောင်း သိရသည်။
ထိပ်ဆုံးတွင်ရှိနေသော  အမေရိကန်အခြေစိုက် Lockheed Martin ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်က ရောင်းအား ၃ ဒသမ ၉ ရာ ခိုင်နှုန်း ကျဆင်းသွားပြီး ဒေါ်လာ ၃၇ ဒသမ ၅ ဘီလျံ ရရှိခဲ့သည်ဟု သိရသည်။ ထိပ်တန်းကုမ္ပဏီ ၁၀၀ စာရင်းတွင် အနောက်ဥရောပနှင့် အမေရိကန် ကုမ္ပဏီများက ဆက်လက် ကြီးစိုးထားဆဲဖြစ်ပြီး ဈေးကွက်၏ ရာခိုင်နှုန်း ၈၀ ကို ရရှိထားသော်လည်း ထိုကုမ္ပဏီများသည် ၂၀၁၃ မှ ၂၀၁၄ ခုနှစ် အတွင်း ရောင်းအား ၃ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားသည်။
အနောက်ဥရောပဒေသ၏ ကာကွယ်ရေး အသုံးစရိတ်တွင် လက်နက်ဝယ်ယူမှုက အများဆုံး ဖြစ်နေသည်။ ထို့ကြောင့် အသုံးစရိတ်ကို လျှော့ချရာတွင် ၀န်ထမ်းများ၏ လစာကို လျှော့ချခြင်းထက် ကာကွယ်ရေး ပစ္စည်းဝယ်ယူမှုကို လျှော့ချခြင်းသည် ပိုမို လွယ်ကူနေသဖြင့် ၀ယ်လိုအား ကျဆင်းလာခြင်း ဖြစ်ကြောင်း SIPRI ရှိ လက်နက်နှင့် စစ်အသုံးစရိတ် စီမံကိန်းမှ အကြီးတန်း သုတေသီ ဆိုင်မွန်ဝီဇီမန်က ပြောကြားခဲ့သည်။
SIPRI ၏စာရင်းတွင် ကျန်ကမ္ဘာကို ကိုယ်စားပြုသော ကျန်ကုမ္ပဏီ ၃၆ ခု၏ ရောင်းအားမှာမူ ၂၅ ရာခိုင်နှုန်း မြင့်တက်လာကာ ယင်းတို့ထဲမှ ရုရှား၏ လက်နက်ရောင်းအားသည် ရာခိုင်နှုန်း ၅၀ နီးပါး မြင့်တက်လာသည်ဟု သိရသည်။”ရုရှားစစ်တပ်ရဲ့သုံးစွဲမှုနဲ့ ပြည်ပ တင်ပို့မှုတွေကြောင့် ရုရှားလက်နက် ကုမ္ပဏီတွေရဲ့ ရောင်းအားဟာ မြင့်တက်လာတာ ဖြစ်ပါတယ်”ဟု ၀ီဇီမန်က ပြောကြားခဲ့သည်။ ရုရှားအစိုးရသည် ဆီးရီးယားကို ဆိုဗီယက် ခေတ်ကတည်းက လက်နက်များ ပံ့ပိုးပေးနေခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် မတ်တွင် ခရိုင်းမီးယားကို သိမ်းယူခဲ့ပြီးနောက် ရုရှားအား ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများသည် ရုရှားလက်နက် ရောင်းအားကို သက်ရောက်မှု ကြီးကြီးမားမား မရှိခဲ့ဟု ထင်ရသည်။
တောင်ကိုရီးယား လက်နက်ကုမ္ပဏီများသည်လည်း ၂၀၁၃ ခုနှစ်အတွင်းက ရောင်းအား ၁၀ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာကာ ၂၀၁၄ ခုနှစ်တွင် နာမည် ရလာကြသည်ဟု သိရသည်။ တရုတ်ကုမ္ပဏီများ မပါဘဲ SIPRI ၏ထိပ်တန်း ၁၀၀ စာရင်းထဲတွင် ပါသည့် အာရှကုမ္ပဏီ ၁၅ ခုရှိသည်။ ထိုကဲ့သို့ တရုတ်ကုမ္ပဏီများကို ချန်ထားရခြင်းမှာ ယုံကြည်ရသည့် အချက်အလက် မရသောကြောင့်ဟု သိရသည်။

Credit To >>> Eleven Media Group 

0 comments:

Post a Comment