Monday, December 7, 2015

ခုံးကျော်တံတားများ တည်ဆောက်စဉ် ယာဉ်ကြောဆိုးဝါးစွာ ပိတ်ဆို့မှု လျော့နည်းအောင် ကြိုတင်စီမံထားဟုဆို


ရန်ကုန်မြို့တွင်း ခုံးကျော်တံတား ၄ စင်း တပြိုင်နက်တည်ဆောက်မှု လုပ်ငန်းခွင်ဧရိယာတွင် ယာဉ်များ စီတန်းမောင်းနှင်လျှင် ယာဉ်ကြောကြပ်တည်းမှု၊ ဆိုးဝါးစွာပိတ်ဆို့မှု လျော့နည်းသွားမည်ဟု ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

ခုံးကျော်တံတားများ စီမံကိန်း မစတင်မီကပင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ ယာဉ်လိုင်းအဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းကွင်းဆင်းပြီး ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ခဲ့ပါသည်ဟု ၎င်းကဆိုသည်။
ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး ၃/၂၀၁၅ ပဉ္စမနေ့တွင် ဒေါက်တာညိုညိုသင်း၏ ကိုယ်စား ဦးမြင့်ကြည်က ရန်ကုန်မြို့တွင်း ခုံးကျော်တံတား ၄ စင်း တပြိုင်နက် တည်ဆောက်မှုကြောင့် ဆိုးရွားစွာ ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှုများအား ချက်ချင်းဖြေရှင်းပေးရန် အစီအစဉ် ရှိ/မရှိ၊ တည်ဆောက်မှု လုပ်ငန်းတိုင်းတွင် ယာဉ်ထိန်းရဲများချထား၍ ယာဉ် အသွား၊ အလာ ရှင်းလင်းပေးရန် ရှိ/မရှိ နှင့် စီမံချက်များကို ညဘက်တွင် လုပ်ငန်းခွဲ၍ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ စသည့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။
ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးကိုယ်စား ဦးအောင်ခင်က ''ခုံးကျော်တံတား တည်ဆောက်ဆဲ ကာလတွင် ယာဉ်ကြောကြပ်တည်းမှု အထိုက်အလျောက်ရှိမည် ဖြစ်ပြီး လုပ်ငန်းခွင် ဧရိယာအတွင်း အပြိုင်အဆိုင် တိုးဝှေ့မမောင်းဘဲ စည်းကမ်းတကျ စီတန်းမောင်းနှင်လျှင် ယာဉ်ကြောကြပ်တည်းမှု၊ ဆိုးဝါးစွာပိတ်ဆို့မှု လျော့နည်းသွားမည်။ ယာဉ်ထိန်းရဲများရှိမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာခြင်းထက် ယာဉ်မောင်းသူများ၊ ပြည်သူများကိုယ်တိုင် မိမိတို့ပင်ကိုယ် အသိစိတ်ဓါတ်ဖြင့် စနစ်တကျ စည်းကမ်းရှိရှိ မောင်းနှင်လျှင်ပါက ပိုမိုအစဉ်ပြေမည်ဖြစ် ပါသည်။'' ဟု ဖြေကြားခဲ့သည်။
ရန်ကုန်မြို့တွင်း တပြိုင်နက်တည်ဆောက်နေသော ခုံးကျော်တံတား ၄ စင်းမှာ တာမွေငါးခွဆုံ၊ ကုက္ကိုင်းလမ်းဆုံ၊ ရှစ်မိုင်လမ်းဆုံ၊ မြောက်ဥက္ကလာအဝိုင်းအနီး ငမိုးရိပ်သုနန္ဒာမြစ်ကူး ခုံးကျော်တံတား တို့ဖြစ်ကြသည်။
ဒီဇင်ဘာ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း (၄) ခု မေးမြန်းရန် စာရင်းပေးထားသောလည်း မေးခွန်း(၃) မှာ ပြန်ရုတ်သိမ်းသွားပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးမှန်းခြေငွေစာရင်းကို လွှတ်တော်က အတည်ပြုကာ ဒေသန္တရဖွံ့ဖြိုး တိုးတက်မှု ပထမ ၅ နှစ် စီမံကိန်း(၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ထိ) အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

Credit To >>> Mizzima News 

0 comments:

Post a Comment